ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်)

“ငှက်များအား ထိန်းသိမ်းကာကွယ်ရေး အင်းဆက်များအား ကြိုတင်ကာကွယ်ပေး”

ကမ္ဘာပေါ်တွင် သားငှက်တိရစ္ဆာန်များစွာရှိသည့်အနက် ငှက်များသည် ဝတ်မှုန်ကူးခြင်းနှင့် ပိုးမွှားထိန်းချုပ်ခြင်းတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ ငှက်များအနက် ဆောင်းခိုငှက်များသည် ၎င်းတို့အစာစားရန်၊ သားပေါက်ရန်နှင့် ယင်းသားပေါက်များကို ပြုစုစောင့်ရှောက်ရန်တို့အတွက် အကောင်းမွန်ဆုံးဂေဟစနစ်ရှိရာ ကျက်စားဒေသများသို့ ကီလိုမီတာ ရာပေါင်း၊ ထောင်ပေါင်းများစွာ ပျံသန်းပြောင်းရွှေ့‌လေ့ရှိကြပြီး ငှက်သားပေါက်သည့်နေရာရှိ ဂေဟစနစ်များသည် ၎င်းတို့အတွက် သင့်တော်ကောင်းမွန်မှု မရှိတော့သည့်အခါများတွင် ပိုမိုကောင်းမွန်သည့် ဒေသများသို့ ထပ်မံပျံသန်း ပြောင်းရွှေ့ကြသည့် ငှက်များဖြစ်သည်။ ယင်းသို့ ပျံသန်းကြရာတွင် ကမ္ဘာ့မြောက်ပိုင်းရှိ သားပေါက်သည့် နေရာများမှ တောင်ပိုင်းဒေသများရှိ ဆောင်းခိုသည့် ဒေသများသို့ ပြောင်းရွှေ့ပျံသန်းခြင်း၊ အာဖရိကတောင်ပိုင်းဒေသများတွင် သားပေါက်ပြီး မြောက်ပိုင်းရှိ ဆောင်းခိုသည့်ဒေသများ သို့မဟုတ် ကမ်းရိုးတန်းရာသီဥတုရှိသည့် ဒေသများသို့ ရွှေ့ပြောင်းခြင်း၊ ဆောင်းရာသီတွင် မြေနိမ့် လွင်ပြင်များ၌ ကျက်စားပြီး နွေရာသီတွင် တောင်ပေါ်ဒေသများသို့ ရွှေ့ပြောင်းခြင်း စသကဲ့သို့ ငှက်မျိုးစိတ်များ ကွဲပြားသည့်အလျောက် ဆောင်းခိုရန် ရွှေ့ပြောင်းပျံသန်းကြသည့် ပုံစံများ ကွဲပြားစွာရှိသည်။

ငှက်များ ပြောင်းရွှေ့ဆောင်းခိုခြင်းသည် ၎င်းတို့အတွက် ခရီးရှည်တစ်ခုဖြစ်ပြီး လူသားများကြောင့်အပါအဝင် အခြားခြိမ်းခြောက်မှုများစွာနှင့် ကြုံတွေ့လေ့ရှိကြသည်။ ထို့ကြောင့် အဆိုပါဆောင်းခိုငှက်များ ပျံသန်းရာလမ်းတစ်လျှောက်ရှိ ဆောင်းခိုရပ်နားရာ ဒေသများ ဆုံးရှုံးခြင်းသည် ၎င်းတို့၏ ရှင်သန်နိုင်မှုအပေါ်တွင် သက်ရောက်မှုများစွာ ရှိသောကြောင့် ကျက်စားဒေသများအား ထိန်းသိမ်းရန်နှင့် ယင်းတို့၏ ဂေဟစနစ်များကို ပျက်စီးဆုံးရှုံးမှုမရှိစေရေး အသိ ပညာများမျှဝေရန် ၂၀၀၆ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာဆောင်းခိုငှက်များနေ့ကို စတင်ကျင်းပခဲ့ကြသည်။ ၂၀၁၈ ခုနှစ်မှ စတင်၍ နှစ်တစ်နှစ်၏ မေလနှင့် အောက်တိုဘာလတို့၏ ဒုတိယမြောက် စနေနေ့တိုင်းကို ကမ္ဘာ့ဆောင်းခိုငှက်များနေ့အဖြစ် သတ်မှတ်၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကျင်းပကြသည်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ကျင်းပခြင်းသည် ဆောင်းခိုငှက်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုများ၊ ၎င်းတို့၏ ဂေဟစနစ်ဆိုင်ရာ အရေးပါမှုများနှင့် ယင်းတို့ကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ချက်များ စသည်တို့ကို ပြည်သူလူထုအကြား သိမြင်နိုးကြားမှု မြင့်တက်လာစေရေး မျှဝေရာတွင် ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ထို့ပြင် ဆောင်းခိုငှက်များနှင့် ၎င်းတို့ကျက်စားရာဒေသများကို ထိန်းသိမ်းရန်အတွက် ဆောင်ရွက်ရမည့်အရာများကို မီးမောင်းထိုးပြသည့် အထိမ်းအမှတ်နေ့ တစ်ခုလည်း ဖြစ်သည်။ ယင်းနေ့တွင် ကမ္ဘာတစ်ဝှမ်း၌ ငှက်ကြည့်လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ခြင်း၊ ငှက်များ ထိန်းသိမ်းရေးနှင့်စပ်လျဉ်းသည့် ပညာပေးအစီအစဉ်များနှင့် ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပခြင်း စသည်တို့ ဆောင်ရွက်လေ့ရှိကြသည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာဆောင်းခိုငှက်များနေ့သည် မေလ ၁၁ ရက်နေ့နှင့် အောက်တိုဘာလ ၁၂ ရက်နေ့တို့တွင် ကျရောက်ပြီး ဆောင်ပုဒ်မှာ “ငှက်များအား ထိန်းသိမ်းကာကွယ်ရေး အင်းဆက်များအား ကြိုတင်ကာကွယ်ပေး”(Protect insects, protect birds) ဖြစ်သည်။ ဆောင်းခိုငှက်များအတွက် အင်းဆက်များ၏ အရေးပါမှုနှင့် ၎င်းတို့၏ အကောင်ရေလျော့ကျလာမှုတို့ကို သတိချပ်၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

ဆောင်းခိုငှက်များသည် သားပေါက်ရာသီတွင်သာမက ရွှေ့ပြောင်းဆောင်းခိုစဉ် လမ်းခရီးတစ်လျှောက်၌ ရေတိမ်ဒေသများ၊ သစ်တောများ၊ လယ်ကွင်းများနှင့် အခြားအမျိုးမျိုးသော ကျက်စားဒေသများတွင် အင်းဆက်များကို ရှာဖွေစားသောက်၍ အမှီပြုနေရသည်။ ထို့ကြောင့် အင်းဆက်များသည် ဆောင်းခိုငှက်များအတွက် အရေးကြီးသည့် စွမ်းအင်အရင်းအမြစ်များအဖြစ် ထောက်ပံ့ပေးသည်။ သို့သော် သစ်တောများနှင့် မြက်ခင်းပြင်များကဲ့သို့ သဘာဝဂေဟစနစ်များတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာခြင်းနှင့် မြို့ပြများ ဖွံ့ဖြိုးလာခြင်းတို့ကြောင့် ဂေဟစနစ်များ ပြောင်းလဲလာပြီး အင်းဆက်အကောင်ရေများ လျော့နည်းလာသည်။ ထို့သို့ ငှက်သားပေါက်သည့် နေရာများနှင့် ရွှေ့ပြောင်းဆောင်းခိုရာ လမ်းတစ်လျှောက်ရှိ ဂေဟစနစ်များတွင် အင်းဆက်ကောင်ရေများ လျော့နည်းဆုံးရှုံးလာခြင်းသည် ငှက်များ၏ အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်လျက်ရှိသည်။

ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံအထွက်တိုးစေရန် အသုံးပြုသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသည် ငှက်များစားသုံးသည့် အင်းဆက်များကို လျော့နည်းဆုံးရှုံးစေသည်။ ထိုကဲ့သို့ အင်းဆက်များ လျော့နည်းရှားပါးလာခြင်းသည် ငှက်များ၏ ရွှေ့ပြောင်း ဆောင်းခိုမှုနှင့် သားပေါက်ခြင်းတို့အပေါ် သက်ရောက်မှုရှိသည့်အပြင် မျိုးပွားနိုင်မှုလျော့ နည်းခြင်းနှင့် အရွယ်ရောက်ပြီး ငှက်များနှင့် သားပေါက်များ၏ သေဆုံးနှုန်းများ မြင့်မားလာခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆောင်းခိုငှက်များနေ့သည် ပိုးသတ်ဆေးများနှင့် ဓာတ်မြေဩဇာအသုံးပြုခြင်းတို့ကို လျှော့ချရန်၊ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲရန်နှင့် ငှက်နှင့် အခြားသော မျိုးစိတ်များအတွက် အစားအစာနှင့် အမိုးအကာများအဖြစ် ထောက်ပံ့ပေးသည့် သဘာဝပေါက်ပင်ရှိသည့်နေရာများကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်ချက်ထား၍ ခေါင်းစဉ်သတ်မှတ်ခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဆောင်းခိုငှက်များ ဆောင်းခိုရာ၌ အသုံးပြုသည့် ငှက်ပျံသန်းရာ လမ်းကြောင်း ၉ ကြောင်းရှိသည်ဟု သိရှိရသည်။ ထိုလမ်းကြောင်းများအနက် မြန်မာနိုင်ငံသည် အရှေ့အာရှ-ဩစတြေးလျဒေသ ငှက်ပျံသန်းရာလမ်းကြောင်းတွင် ကျရောက်ပြီး ရေတိမ်ဒေသများ၊ စပါးခင်းများ၊ မြက်ခင်းလွင်ပြင်များ စသည့်နေရာများတွင် ဆောင်းခိုငှက်များ အများအပြားကျက်စားလျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဆောင်းခိုငှက်များ ဆောင်းခိုရာ၌ အရေးပါသည့်အင်းဆက်များ လျော့နည်းမှုမဖြစ်စေရေး ၎င်းတို့ ကျက်စားသည့် ဂေဟစနစ်များကို ထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်းနှင့် ပြည်သူလူထုမှလည်း ထိန်းသိမ်းရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပူးပေါင်းပါဝင်သွားကြရန် ကမ္ဘာ့ဆောင်းခိုငှက်များနေ့ကို မှတ်တမ်းတင်လျက် တိုက်တွန်းအပ်ပါသည်။

ကိုးကား- https://www.worldmigratorybirdday.org/…/world-migratory…

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ