ပြည်ထောင်စုဝန်ကြီး၏ ကိုယ်ရေးရာဇဝင်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်

ဒေါက်တာတူးခေါင်သည် ကချင်လူမျိုး၊ ဂျိန်းဖေါ့မျိုးနွယ်စုမှ ဖြစ်ပြီး ဘိုးဘွားများမှာ Hkalen Ga (ခလင်နယ် ဆိုသည်မှာ ယခု အင်ဂျန်းယန်မြို့နယ်ထဲမှ ဒေသတခု ဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ပျက်စီးသွားသောဒေသ) မှ Hkalen Duwa မိသားစုဝင်ဖြစ်ပြီး၊ ဖခင်သည် ကချင်လက်နက်ကိုင် တပ်ရင်း(၁)၊ ကသာမှ အငြိမ်းစားတစ်ဦး ဖြစ်ပါသည်။ တပ်မှ အငြိမ်းစားယူပြီး မရမ်းကျေးရွာ (မိုးကောင်းမြို့နယ်) ၌ အခြေချနေထိုင်စဉ် KIA ကို ရိက္ခာထောက်ပံ့သည်ဟု ၁၇ (၁) အမှုဖြင့် တရားစွဲခံရပြီး မြစ်ကြီးနားထောင်၌ အကျဉ်းကျခံနေရချိန်တွင် မိခင်မှ ဦးဆောင်ပြီး မြစ်ကြီးနားသို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။ မရမ်းကျေးရွာတွင် အခြေချနေစဉ် အငြိမ်းစားလစာဖြင့် ရှိစုမဲ့စုနှင့်ကြိုးစားပမ်းစား ဓါးမဦးချ လုပ်ကိုင်ခဲ့သော လယ်ယာဧက (၁၀) ဧကခန့်ကို တပ်မတော် အမြှောက်တပ်ရင်းမှ သိမ်းယူခဲ့ပြီး ယခုထိတိုင် မရမ်း အမြှောက်တပ်ရင်းအဖြစ် အသုံးပြုနေဆဲ ဖြစ်ပါသည်။ 

ဘဝတလျှောက်လုံးတွင် ပြည်တွင်းစစ်အတွင်း အဓမ္မမှုများကြောင့် လယ်ယာမြေနေရာ (၃) နေရာ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသော မိဘများ၏ ခါးသီးသော အတွေ့အကြုံများနှင့် စစ်တပ်၏ အဓမ္မမှုများစွာကို မျက်မြင်ကိုယ်တွေ့ အတွေ့အကြုံများစွာ ရရှိထားသူ ဖြစ်ပါသည်။

၁၉၈၈ နောက်ပိုင်းပေါ်ထွက်လာသော စစ်အစိုးရကာလ ၁၉၉၃ မှ ၁၉၉၆ အတွင်း တက္ကသိုလ် ကချင်စာပေနှင့် ယဥ်ကျေးမှု အတွင်းရေးမှူးဖြစ်ခဲ့ချိန် တစ်နှစ်တစ်ခါ ကချင်စာပေနှင့် ထုတ်ဝေသော ကချင်မဂ္ဂဇင်း ထုတ်ဝေရေးတွင် ဦးဆောင်ခဲ့ပြီး၊ စာပေစိစစ်ရေးများ၏ တိုင်းရင်းသားစာပေများအပေါ် ကန့်သတ်မှုပေါင်းများစွာကိုလဲ နာကျည်းခဲ့သူ ဖြစ်သည်။ ထိုအချိန်မှစ၍ နိုင်ငံရေး နှင့် ပတ်သက်သော စာပေများလေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် သက်ဆိုင်သော နိုင်ငံရေးစာပေများ၊ ကျောင်းသင်ခန်းစာများတွင် မပါသော တိုင်းရင်းသားသမိုင်းများကို ဖတ်ရှုလေ့လာခဲ့သည်။

၁၉၉၈ ခုနှစ်တွင် မြစ်ကြီးနား ဒီဂရီကောလိပ် (မန္တလေးတက္ကသိုလ်) မှ သိပ္ပံဘွဲ့ - B.Sc (Botany) နှင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (Myanmar Institute of Theology, MIT Insein) မှ ဓမ္မမဟာဝိဇ္ဇာဘွဲ့ (Master of Divinity) တို့အား ရရှိခဲ့ပြီး စီတာပူ နှစ်ခြင်းအသင်းတော် တွင် ဓမ္မဆရာ၊ လူငယ်တာဝန်ခံ၊ အသင်းတော် အတွင်းရေးမှူး တာဝန်များအား အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှစ၍ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ပြီး လူငယ်များကို အမြင်ဖွင့်သင်တန်းများ ပို့ချခဲ့ခြင်းကြောင့် စစ်အစိုးရ ထောက်လှမ်းရေးများ၏ နောက်ယောင်ခံခြင်းများ၊ သတိပေးခြင်းများခံခဲ့ရပါသည်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် လူရွှင်တော် ဇာဂနာ (မောင်သူရ) မြစ်ကြီးနား အကျဉ်းထောင်တွင် အကျဉ်းကျနေစဉ် “This Prison Where I Live” ဟူသော သူ၏ကိုယ်ရေးမှတ်တမ်း Documentary ရိုက်ကူးရေးအဖွဲ့ကို ကူညီခဲ့မှုနှင့် ထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံတွင် ခိုလှုံရင်း Khon Kaen University တွင် မဟာဝိဇ္ဇာဘွဲ့တစ်ခုရရှိခဲ့ပြီး PhD Candidate (Social Science) ဆက်လက်တက်ရောက် ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် MIT နှင့် Central Baptist Theological Seminary (Kansas, USA) တို့ပူးတွဲဖွင့်လှစ်သော Doctor of Ministry Program တွင် Peace Study နှင့် ဘွဲ့ရရှိခဲ့ပါသည်။ 

အသင်းတော်လုပ်ငန်းအပြင် အခြားလုပ်ငန်းအတွေ့အကြုံများအဖြစ်

  • Khon Kaen University ၏ အရပ်ဖက်အဖွဲ့အစည်းဆိုင်ရာ သုတေသနဌာန၊ Myanmar Peace Monitor ၏ သုတေသီအဖြစ်လည်းကောင်း၊ 
  • တခြားသုတေသီများနှင့် တွဲဖက်၍ ဒေသဆိုင်ရာ သုတေသနလုပ်ငန်းများတွင် လည်းကောင်း၊
  • Kachin Education Foundation ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊
  • ကချင်ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်အကြံပေးအဖွဲ့၏ မူဝါဒဆိုင်ရာ တာဝန်ခံအဖြစ်လည်းကောင်း၊
  • တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အတွင်း ပြုလုပ်ခဲ့သော Federal Guiding Principle Taskforce အဖွဲ့ဝင်အဖြစ်လည်းကောင်း၊
  • ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အချိန်ပိုင်း စာပြပုဂ္ဂိုလ်အဖြစ်လည်း အင်စတီကျူးရှင်းများတွင် အလျဉ်းသင့်သလို ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ 

နိုင်ငံတကာ အတွေ့အကြုံများအဖြစ် ကချင်လူမျိုးစုများ နေထိုင်ရာ ဥရောပနိုင်ငံများ၊ သြစတေးလျှနှင့် အမေရိကန်နိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများသို့ သင်တန်းပို့ချသူ၊ လေ့လာသူအဖြစ် သွားရောက်ဖူးခဲ့ပြီး၊ Kyoto International Academic Conference (2012) တွင် သုတေသနစာတမ်းတင်ပြသူအဖြစ် တက်ရောက်ခဲ့ပါသည်။ 

၂ဝ၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းသော KPICT (Kachin Political Interim Coordination Team) တွင် မီဒီယာ တာဝန်ခံနှင့် Think Tank Group အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပါသည်။

နောက်ဆုံးဖြည့်စွက်သည့်နေ့စွဲ ဇွန်လ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်