“ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရန် ထိန်းသိမ်းရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင်ရန်”
ဇီဝမျိုးစုံမျိုးကွဲများတွင် အပင်၊ တိရစ္ဆာန်များနှင့် ပိုးမွှားအင်းဆက်များသာမက မျိုးစိတ်များတွင် ပါရှိသည့် မျိုးရိုးဗီဇအမျိုးမျိုး (ဥပမာ- သီးနှံအမျိုးမျိုး) နှင့် လူ၊ တိရစ္ဆာန်နှင့် အပင်များအကြား အပြန်အလှန်ဆက်နွယ်မှုများရှိသည့် ဂေဟစနစ်များ (ဥပမာ- သစ်တောများ၊ ရေကန်များ၊ စိုက်ပျိုးမြေများ) တို့ ပါဝင်သည်။ ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများအတွက် အရေးပါသည့် အရင်းအမြစ်များ ဖြစ်သည်။ တိရစ္ဆာန်များမှ ရရှိသည့် ပရိုတင်းဓာတ်၏ ၂၀ ရာခိုင်နှုန်းခန့်ကို ငါးသယံဇာတများမှတဆင့် လူပေါင်း ၃ ဘီလီယံခန့်အတွက် ထောက်ပံ့ပေးသကဲ့သို့ လူတို့စားသုံးသည့် အာဟာရဓာတ် ၈၀ ရာခိုင်နှုန်းကျော်ခန့်ကို အပင်များမှ ထောက်ပံ့ပေးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကျေးလက်ဒေသများတွင် နေထိုင်သည့် လူပေါင်း ၈၀ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အပင်များမှ ရရှိသည့် ဆေးဝါးများအပေါ်တွင် မှီခိုကြသည်။
ဇီဝမျိုးစုံမျိုးကွဲများသည် အနာဂတ်မျိုးဆက်သစ်များအတွက် အဖိုးတန်သယံဇာတများ ဖြစ်သော်လည်း လူတို့၏ ဆောင်ရွက်ချက်များကြောင့် မျိုးစိတ်အရေအတွက်သည် သိသိ သာသာ လျော့နည်းလာလျက်ရှိသည်။ ထိုသို့ လျော့နည်းလာခြင်းအကြောင်းများကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန် သိရှိ၍ ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားလာစေရန် အသိပညာပေးခြင်း၊ သိမြင်နိုးကြားမှု မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရန် လိုအပ်သည်။ ထို့အတွက် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ် အထိမ်းအမှတ်နေ့ ကျင်းပရန် ကမ္ဘာ့ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့ကြသည်။
၁၉၉၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်းကို ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ကို အစွဲပြု၍ နှစ်စဉ် မေလ ၂၂ ရက်နေ့တိုင်းကို အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အဖြစ် သတ်မှတ်ထားသည်။ ထိုသို့ အထိမ်းအမှတ်နေ့ ကျင်းပခြင်းသည် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ပြဿနာများအကြောင်း သိရှိနားလည်မှုမြင့်တက်လာစေရန်အပြင် ကွန်ဗင်းရှင်း၏ သဘောတူညီချက်များ၊ ယင်း၏ နောက်ဆက်တွဲ စာချုပ်များနှင့် မူဘောင်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်စွာ အထောက်အပံ့ပေးနိုင်သော အခွင့် အလမ်းတစ်ခု ဖြစ်သည်။ ထို့ပြင် သဘာဝအလျောက်တည်ရှိသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများကို ပြန်လည်ထိန်းသိမ်းရန်နှင့် ကာကွယ်ရန်၊ သဘာဝနှင့်အတူ ရေရှည်တည်တံ့စွာ တည်ရှိရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများမှ ရရှိသည့် အကျိုးအမြတ်များကို မျှဝေအသုံးပြုရန်တို့အတွက် အခွင့်အလမ်းတစ်ခုလည်း တစ်ခုဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့၏ ဆောင်ပုဒ်သည် “ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရန် ထိန်းသိမ်းရေး အစီအစဉ်များတွင် ပူးပေါင်းပါဝင်ရန်” (“Be part of the Plan”) ဖြစ်သည်။ ယင်းဆောင်ပုဒ် သည် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးလာခြင်းကို ရပ်တန့်ရန်အတွက် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းစီမံချက် ဖြစ်သည့် ကူမင်း-မွန်ထရီရယ် ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး မူဘောင် “Kunming-Montreal Global Biodiversity Framework” ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်၍ ထောက်ပံ့ပေးကြရန် ဆက်စပ်ပတ်သက်သူများ အားလုံးကို ဖိတ်ခေါ်ခြင်းဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးစီမံချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အစိုးရအဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ဥပဒေရေးဆွဲပြဌာန်းသူများ၊ စီးပွားရေးလုပ်ငန်းဆောင်ရွက် သူများ စသည့် ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်သူများအကြား ပူးပေါင်းပါဝင်နိုင်မည့် နည်းလမ်းများနှင့် အခွင့်အလမ်းများကို ထည့်သွင်းရေးဆွဲထား သည်။ ထိုစီမံချက်တွင် လူသားတိုင်း ပူးပေါင်းပါဝင်နိုင်ပြီး စီမံချက်၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်နိုင်သည်။
မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည့်အတွက် ယင်းတို့ကို ထိန်းသိမ်းရမည့် တာဝန်ရှိသည်။ ထို့ပြင် ဇီဝမျိုးစုံမျိုးကွဲများသည် လူသားတိုင်းနှင့် အနာဂတ်မျိုးဆက်သစ် များအတွက် အရေးပါသည့်အရင်းအမြစ်များဖြစ်သည့်အလျောက် မိမိနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲ များ၏တန်ဖိုးကို သိရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လျက် အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲနေ့ကို မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်။
ကိုးကား- https://www.unep.org/…/international-day-biological… https://www.cbd.int/biodiversity-day
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
