၃၀-၄-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင် ဦးဆောင်၍ နည်းပညာ အကြံပေး ဌာန (Technical Advisory Taskforce) အစည်းအဝေးကျင်းပ
Dr.Tu Hkawng, Union Minister, the Ministry of Natural Resources and Environmental Conservation, National Unity Government chaired a meeting with the members of Technical Advisory Taskforce (TAT) at 17:00 on 30th Apr 2021.
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စုပေါင်းခေါင်းဆောင်မှု (Collective leadership) နှင့် ဝိုင်းဝန်းကြိုးပမ်းရန်၊ မိမိတို့ဝန်ကြီးဌာန၏ လိုအပ်ချက်များကို နည်းပညာအကြံပေးဌာနရှိ အဖွဲ့ဝင်များက စုံစမ်းလေ့လာ၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင် လုပ်ဆောင်ရန်၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာစီမံချက်အသစ်များ ရေးဆွဲရန်၊ ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းနှင့်အညီ အခြေအနေပေါ်မူတည်၍ လုပ်ဆောင်ရန်၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများကို အများပြည်သူနှင့် ကမ္ဘာမှ သိရှိအောင် ချပြရန်၊ မိမိတို့ဌာန လုပ်ဆောင်သည့် လုပ်ငန်းစဉ်များသည် လက်ရှိမြေပြင်အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန်၊ ဝန်ကြီးဌာနအတွင်း သက်ဆိုင်ရာဌာနအသီးသီးတွင် ဝန်ထမ်းများခန့်ထားရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း မိန့်ကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင်
(၁) ဝန်ကြီးဌာနအတွင်း သက်ဆိုင်ရာဌာနအသီးသီးတွင် ဝန်ထမ်းများ ခန့်ထားမည့်အတွက် လစာနှင့် အသုံးစရိတ်များ လုံလောက်စွာအပြည့်အဝ ရေးဆွဲထားရန်၊
(၂) ထုတ်ပြန်ကြေညာချက်ပါ လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး အသေးစိတ် စီမံချက် အမြန်ရေးဆွဲတင်ပြရန်၊
(၃) သယံဇာတဆိုင်ရာ ဖက်ဒရယ်မူဝါဒ (resource federalism policy) ရေးဆွဲရေးအတွက် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့ ဦးဆောင်၍ နည်းပညာအကြံပေးအဖွဲ့များ၊ ပြည်သူလူထုကိုယ်စားပြုအဖွဲ့ဝင်များ (Stakeholders) နှင့် နိုင်ငံတကာအကြံပေးအဖွဲ့များ စုဖွဲ့ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊
(၄) သတင်းအချက်အလက်အမှန်ကို ပြည်သူလူထုထံ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေးအတွက် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
