နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၆) နှစ်ပြည့် မွေးနေ့ဆုတောင်းလွှာ နှင့် မွေးနေ့အထိမ်းအမှတ်အဖြစ်သစ်ပင်စိုက်ပျိုးရန် နှိုးဆော်လွှာ

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ယနေ့ထိတိုင် တိုင်းရင်းသားပြည်သူများနှင့်အတူ ဦးဆောင်လမ်းပြကာ သမိုင်းခေတ်အဆက်ဆက် စစ်အာဏာရှင်၏ဖိနှိပ်မှုကိုတော်လှန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ အနေဖြင့်လည်းကောင်း၊ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှ ပြည်သူများရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရကာလတွင် ပြည်သူအားလုံးကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ပေးပါသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်လည်းကောင်း၊ ရယူလိုစိတ်ကင်းရှင်းစွာဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် ကျရာတာဝန်ကို ကျေပွန်စွာ ‌ဦးဆောင်ပါဝင်ပေးပါသော ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်ပြည့် မွေးနေ့မှစ၍ နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်စွာဖြင့် တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း မြန်မာနိုင်ငံတိုင်းရင်းသား ပြည်သူများနှင့် အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မွေးနေ့ ဆုတောင်းအပ်ပါသည်။

၁၉-၆-၂၀၂၁ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၆)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရသစ်ပင်၊ပန်းပင်များ စိုက်ပျိုးပေးကြပါရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားပြည်သူများထံ နှိုးဆော်အပ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ