ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism) နှင့်ပတ်သက်သော ဆောင်းပါး/ကာတွန်းများ ဖိတ်ခေါ်ခြင်း

မိဘပြည်သူများခင်ဗျာ-

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနေချိန်တွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းပြည် သယံဇာတများကို တိုင်းရင်းသားပြည်သူများကိုယ်တိုင် စီမံအုပ်ချုပ်သုံးစွဲနိုင်မည့် ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism)ကို အကောင်အထည်ဖော်လျက်ရှိပါသည်။

ဖက်ဒရယ်သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism)သည် မြန်မာပြည်၏ သယံဇာတအုပ်ချုပ်မှုသမိုင်းတလျှောက်တွင် အသစ်အဆန်းဖြစ်နေပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ပေါက်လာချိန်တွင် ပြည်သူအားလုံးက ဖက်ဒရယ်သယံဇာတအုပ်ချုပ်မှုစနစ်ကို ရင်းနှီးကျွမ်းဝင်နိုင်ရေးရည်ရွယ်ကာ Facebook Page၊ Twitter account နှင့် Telegram Channelတို့တွင် အသိပညာပေးဆောင်းပါး၊ ကာတွန်းသရုပ်ဖော်များနှင့် အသံဖိုင်စာစဉ်များ (audio podcasts) အပတ်စဉ်တင်ဆက်ပေးရန် စီစဉ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ သစ်တောများစီမံအုပ်ချုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သတ္တုတွင်းထွက်များစီမံခန့်ခွဲအသုံးချခြင်း၊ ပြည်သူလူထုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများ ဖြန့်ဝေခြင်း တို့နှင့်ပတ်သက်သည့် ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism)အတွက် ဆောင်းပါး/ကာတွန်းများ/အသံဖိုင်စာစဉ်များကို ပေးပို့နိုင်ပါကြောင်းနှင့် ပေးပို့လာသော ဆောင်းပါးများကို အယ်ဒီတာအဖွဲမှ စိစစ်ရွေးချယ်ကာ အပတ်စဉ်တင်ဆက်သွားပါမည်။

စိတ်ပါဝင်စားသူများအနေဖြင့် ယခု Facebook Page Messenger သိုမဟုတ် [email protected] သို့ မိမိတို့နှစ်သက်ရာ ကလောင်အမည်ဖြင့် ပေးပို့နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

စာမူရှင်များ၏သတင်းအချက်အလက်များကိုလည်း အလေးထားထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ရွေးချယ်တင်ပြခွင့်ရသော ဆောင်းပါး/ကာတွန်းများ/အသံဖိုင်စာစဉ်များအား ဉာဏ်ပူဇော်ခအနေဖြင့်လည်း ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက Facebook Page Messenger တွင်လည်း မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 

ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ