ကြေညာချက် (၁/၂၀၂၁)

(၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါပြဌာန်းချက်များနှင့်အညီ မြေနှင့်သယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ EAO များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပမှ ပညာရှင်များ၊ အခြားဆက်စပ်ပတ်သက်သူများနှင့် ဆွေးနွေးတိုင်ပင်ကာ ရေးဆွဲချမှတ်လျက် ရှိပါသည်။

(၂) အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို ပျက်သုဉ်းစေရန် ရုံးမတက်ဘဲ ရုန်းထွက်ခြင်းဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်း (Civil Disobedience Movement - CDM) ဆောင်ရွက်နေသူ ဝန်ထမ်းများ၏ စားဝတ်နေရေး၊ လုံခြုံရေး၊ ဥပဒေရေးရာ အထောက်အကူပြုရေး (Legal support) တို့အတွက် ကွန်ယက်များ တည်ဆောက်ခြင်း၊ အထောက်အပံ့ပေးမည့် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရန် စွန့်လွှတ်အနစ်နာခံကာ အားထုတ်ကြိုးပမ်းနေကြသည့် CDM ဆောင်ရွက်နေသူများအား ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး၏ အဓိကကျောရိုး သူရဲကောင်းများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုကာ ထိုက်သင့်သော ချီးမြှင့်မြှောက်စားမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ယခင်က ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) သို့ ဆက်သွယ် အမည်စာရင်းပေးပို့ကာ CDM ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရုံးပြန်တက်နေရကာ ရုံးတက်ရင်း ပြန်လည်ရုန်းထွက်လာကြမည့် ဝန်ထမ်းများ၊ နိုင်ငံတကာရှိ ပညာတော်သင်များ အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများ (Communication Channels) ဖွင့်လှစ်ပေးထားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၃)​ ကျွန်ုပ်တို့အားလုံး၏ ဘုံရည်မှန်းချက်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဖြစ်ရာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၃) အပိုဒ် ၁၉၊၂၀၊၂၁ ပါ ပြဌာန်းချက်များအရ ဗဟိုချုပ်ကိုင်မှုကို လျှော့ချ၍ ပြည်နယ်တစ်ခုချင်းအတွင်းတည်ရှိသည့် သစ်တောအမျိုးအစား၊ သယံဇာတအခြေအနေများ နှင့် လိုက်လျောညီထွေရှိနိုင်မည့် သယံဇာတ စီမံအုပ်ချုပ်မှုစနစ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ သယံဇာတဖက်ဒရယ်မူ၊ ဖက်ဒရယ် သယံဇာတ ဘဏ္ဍာရေး နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ရန်ပုံငွေ တည်ထောင်ရေး လုပ်ငန်းစဉ်များကို ပြည်သူ/ပုဂ္ဂလိက/အရပ်ဖက်အဖွဲ့အစည်းများ၏ ပါဝင်မှု အများဆုံး အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်သူလူထုအပါအဝင် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ၊ နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီနှင့် စီးပွားရေးအပါအဝင် မည်သို့သောကိစ္စရပ်များဖြစ်စေ ပူးပေါင်းပါဝင်ပတ်သက်ခြင်း မပြုကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားလိုပါသည်။ 

(၄) အမျိုးသားညီညွတ်ရေးအစိုးရနှင့် CRPH သည် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ သစ္စာတော်ခံများကို အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ဌာန/လုပ်ငန်းများဖြစ်သော်လည်း အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီအတွက် ဝင်ငွေရရှိစေနိုင်သည့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာ့ပုလဲလုပ်ငန်းများကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့စေရေး ဆောင်ရွက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်စပ်ပတ်သက်သည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများအား အောက်ဖော်ပြပါအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(က) မိမိတို့ဝန်ကြီးဌာနအတွင်းရှိ CDM တွင်ပါဝင်ဆန္ဒပြနေသည့်ဝန်ထမ်းများကို အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက်နေသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီဩဇာခံများနှင့် ယင်းစစ်ကောင်စီ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ (Non-CDM များ)အား ၎င်းတို့၏ လုပ်ရပ်/ပြစ်မှု အပေါ်မူတည်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ပြန်လည် အုပ်ချုပ်ချိန်တွင် ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ကာ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါသည်။

(ခ) အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလုပ်ကိုင်နေကြသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်း/ ပုဂ္ဂလိကလုပ်ငန်းများအား သတိပေးခြင်း၊ ဥပဒေ/အမိန့်/ညွှန်ကြားချက်များနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူခြင်း၊ ပြည်သူ့တပ်မတော်/မဟာမိတ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လိုအပ်သလို အရေးယူခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

(၅) နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် သယံဇာတစီမံခန့်ခွဲခြင်းဆိုင်ရာ ငွေကြေး/နည်းပညာအထောက်အပံ့များ၊ သယံဇာတများကို ထိရောက်စွာ စီမံအုပ်ချုပ်နိုင်ရန် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ပံ့ပိုးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရသို့ တိုက်ရိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့်သော်လည်းကောင်း ရယူနိုင်ရေး ကြိုးပမ်းကာ သယံဇာတစီမံအုပ်ချုပ်ခြင်းကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ပြည်သူလူထုထံသို့ တိုက်ရိုက်အကျိုးပြုနိုင်မည့် နည်းလမ်းများအား ရှာဖွေချမှတ်ကာ ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၆) မိမိတို့ဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာမြောက် အကောင်အထည်ဖော်ဆောင်ရွက်မည့် မျှော်မှန်းချက်နှင့်ပန်းတိုင်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် ရေတို/ရေရှည်လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ကာ လတ်တလောဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ငန်းများကို အထိရောက်ဆုံးသော နည်းလမ်းဖြင့် အလျင်အမြန် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ သဘာဝသယံဇာတများ စီမံအုပ်ချုပ်ခြင်းတွင် တရားနည်းလမ်းကျမှု(legitimacy) ရှိ၊မရှိနှင့် လူထုထင်မြင်ချက်(public opinion) ကသာ ပို၍ အခရာကျသည်ဖြစ်ရာ ပြည်သူလူထု ဗဟိုပြုသော သယံဇာတဖက်ဒရယ်မူတစ်ရပ်ကို ရေးဆွဲဖော်ထုတ်ရမည်ဟု အပြည့်အဝ ယုံကြည်ပါသည်။ တိုင်းပြည်၏ သယံဇာတစီမံခန့်ခွဲရေး လုပ်ငန်းများဖြစ်သည့် သစ်တော၊ သတ္တု၊ ကျောက်မျက်၊ ပုလဲ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေချိုရေငန်၊ ရေသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲ အစရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်းသော သဘာဝသယံဇာတ အရင်းအမြစ်များ စူးစမ်းရှာဖွေခြင်း၊ စာရင်းကောက်ယူခြင်း၊ တူးဖော်ထုတ်လုပ် သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ပြည်သူများ၏ အကျိုးကျေးဇူးကို ရှေးရှုကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနှင့် ကိုက်ညီမည့် ဖက်ဒရယ်သယံဇာတမူနှင့်အတူ ဖက်ဒရယ် သယံဇာတစီမံခန့်ခွဲရေးစနစ် (Resource Federalism) ပေါ်ပေါက်လာရေး အစွမ်းကုန် အားထုတ်ကြိုးပမ်းသွားမည်ဟု ကတိပြုအပ်ပါသည်။ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ