အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သယံ ဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အစည်းအဝေး အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “မြေပြင်က သယံဇာတအဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးနွေးနွေးတွေ့ဆုံခွင့်ရတာ တတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် သတ္တု/ကျောက်မျက်ကဏ္ဍနှင့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍဟူ၍ ကဏ္ဍ နှစ်ရပ်ခွဲ၍ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် သတ္တု/ ကျောက်မျက်ကဏ္ဍသည် တော်လှန်ရေးကာလ အတွင်း ဒေသခံများ၏ သယံဇာတအပေါ် မီခိုမှု များပြားလာခြင်းကြောင့် မူဝါဒများကို စနစ်တကျ စီမံခန့်ခွဲ ရသလို တဖက်တွင်လည်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍသည် ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် မူဝါဒနှင့်အညီ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ အစိုးရတရပ်ဖြစ်တဲ့အတွက် နိုင်ငံတကာ ပတ်ဝန်းကျင်မူဝါဒေတွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း၊ အားလုံးစုပေါင်း ခေါင်းဆောင်မှုဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်လျှင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ မြေပြင်ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အင်မတန် အရေးကြီးပါ ကြောင်း၊ လုပ်ဆောင်ချက်များအားလုံးကို တော်လှန်ရေးကို ရှေးရှု၍ လုပ်ဆောင်မည်ဆိုပါက အခက်အခဲ၊ စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ တက်ရောက်လာသည့် မြေပြင်ခေါင်းဆောင် များ အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး တော်လှန်ရေးတွင် ပိုမိုအားထည့်၍ ဆက်လက်ချီတက် ကြိုးစား ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြာခဲ့ပြီး၊ ခရိုင် (၆) ခရိုင်၊ မြို့နယ် (၉) မြို့နယ်တို့မှ ခရိုင်သယံဇာတ တာဝန်ခံများ၊  သယံ ဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တက်ရောက်လာကြသည့် ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တို့မှ သိရှိ လိုသည်များ မေးမြန်းခြင်းနှင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့်တကွ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မေးခွန်းများဖြေကြားခြင်းနှင့် ကြားကာလ သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် စုပေါင်း ဝိုင်းဝန်း ဆွေးနွေး အဖြေရှာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ (၄:၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ