အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ၁၄.၉.၂၀၂၅ ရက်နေ့၌ ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးရမိခဲ့ခြင်း

မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် တောင်တန်းဒေသများတွင် နေထိုင်ကျက်စားသည့် ပန်ဒါနီ (ခေါ်) ကြောင်နီလေးများသည် မြန်မာနိုင်ငံတွင် မျိုးသုဥ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များအနက် “လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်” စာရင်းတွင် ပါဝင်ပြီး International Union for Conservation of Nature (IUCN) ၏ “မျိုးသုဥ်းရန် အန္တရာယ်ရှိနေသောမျိုးစိတ် (Endangered)” များလည်း ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ၁၄.၉.၂၀၂၅ ရက်နေ့၌ ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးရမိခဲ့ပြီး အင်းတော်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ထံ အပ်နှံခဲ့ရာ ဝန်ကြီးဌာနမှ လိုအပ်သည့်လမ်းညွှန်မှုများ‌ပေးပြီး ယာယီထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရပါသည်။ ဆက်လက်၍ သဘာဝအတိုင်း နေထိုင်ကျက်စားရာသို့ ပြန်လည်ပို့ဆောင်ခြင်းကို ပန်ဒါနီနေရင်းဒေသမှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိပြီး လုံခြုံစိတ်ချရသောအခြေအနေရှိသည့်အခါတွင် ဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်မှုများကို သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။
လက်ရှိကာလတွင် ယခုပန်ဒါနီလေးများကဲ့သို့ တောရိုင်းတိရစ္ဆာန်များအား တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ၎င်းတို့၏ နေရင်းဒေသများကို ကာကွယ်ပေးခြင်းနှင့် တရားမဝင် ဖမ်းဆီးသယ်ဆောင်မှုများ တားဆီးခြင်းတို့ကို လုပ်ဆောင်ရန် အလွန်ပင်လိုအပ်လျက်ရှိပါသည်။
အထူးသဖြင့် စက်တင်ဘာလ (၂၀) ရက်နေ့သည် “International Red Panda Day” “အပြည်ပြည်ဆိုင်ရာ ပန်ဒါနီထိန်းသိမ်းရေးနေ့” ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ အဖိုးတန်ရှားပါးမျိုးစိတ် ပန်ဒါနီလေးများကဲ့သို့ပင် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ