မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ သဘောတူလက်မှတ်ရေးထိုးထားသော ပင်လုံစာချုပ်ပါ ကတိ ကဝတ်ကို လစ်လျူရှုအာဏာသိမ်းကာ တစ်ပါတီ ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့မှု၏ အကျိုးဆက်ကြောင့် နှစ်ပေါင်း ၇၀ နီးပါး တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းမှုဆိတ်သုံးခဲ့ရပါသည်။
အဆိုပါဒေသရှိ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲ၊ ကျောက်မျက်၊ သတ္တုအမျိုးမျိုး၊ ရေနံနှင့် ဓါတ်ငွေ့ စသည့် သယံဇာတများသည် မူလပိုင်ဆိုင်သူ အစစ်အမှန်ဖြစ်သော တိုင်းရင်းသားများက စနစ်တကျစီမံအုပ်ချုပ်ခွင့် မရရှိခဲ့သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အပြည့်အဝအထောက်အကူမဖြစ်ဘဲ ပျက်စီးပြုန်းတီးခဲ့ရရုံမျှမက ဒေသ၏သဘာဝပတ်ဝန်းကျင်ပါ ထိခိုက်ခဲ့ရပါသည်။
၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ပါတီစုံဒီမို ကရေစီစနစ်နှင့် ရွေးကောက်ပွဲကို စတင်ကျင့်သုံးခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကာ တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ စတင်ခဲ့ပါသည်။
သို့သော်လည်း ၂၀၂၁-ခုနှစ်တွင် ဒီမို ကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းခဲ့သောကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြပြီး ပြည်တွင်းစစ်ဟာ တစ်နိုင်ငံ လုံးကို ပြန့်နှံ့နေလျက်ရှိပါသည်။
အာဏာသိမ်းပြီး ၃-နှစ်အကြာတွင် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုကြောင့် တော်လှန်ရေးတပ်ပေါင်းစုများက တဖြည်းဖြည်းအနိုင်ရရှိပြီး တိုင်းရင်းသားဒေသရှိ မြို့များကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြပါသည်။ ယခုအခါ တိုင်းရင်းသား ဒေသအသီးသီးရှိ တော်လှန်ရေးအဖွဲ့များက ဗဟိုဦးစီးစနစ်ကို လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်တွင် မိမိတို့ဒေသများကို ကိုယ်ပိုင် စီမံအုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်များအတွက် အတိအလင်းကြော်ငြာပြီး လိုအပ်သည်များ ကို စတင်ပြင်ဆင်နေကြပါသည်။
၁၉၄၇-ခုနှစ်က ရေးထိုးခဲ့သော ပင်လုံစာချုပ်ပါ ကတိကဝတ်အတိုင်း တိုင်းရင်းသားအသီးသီးသည် သီးခြားပြည်ထောင်များအဖြစ် စုစည်းပြီး (Coming together) ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖြစ် ရပ်တည်ကြရန် ပြင်ဆင်လာကြသည်နှင့်အညီ အာဏာကို စနစ်တကျ ခွဲဝေကြပြီး မိမိတို့ဒေသရှိ သဘာဝသယံဇာတများနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မိမိတို့ကိုယ်တိုင် စီမံအုပ်ချုပ်ကြရမည်ဖြစ်ပါသည်။
အဆိုပါ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်အောက်တွင် အထူးအားဖြင့် သဘာဝ သယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်ရာတွင် လိုအပ်သောအခြေခံအကြောင်းအရာများကို ကြိုတင် သိရှိနိုင်ရန်အတွက် “တော်လှန်ရေး အားဖြည့်ပေးသူတစ်ဦး” က ရေးသားထားသော ယခုဆောင်းပါးကို ထုတ်ပြန်အပ်ပါသည်။
ဆက်လက်ဖတ်ရှုရန်- https://go.nugmyanmar.org/NRFederalism
