ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ခြင်း

နိုဝင်ဘာလ ၁၈ ရက် ၊ ၂၀၂၃ ခုနှစ် ။

ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများတွေ့ဆုံဆွေး နွေးပွဲကို နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် မြန်မာစံတော်ချိန် (၁၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်မှ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာဆိုရင် အမျိုး သားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကာလ လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ ဝန်ကြီး ဌာနတခုလည်းဖြစ်ပါတယ်။ သယံဇာတ ပေါကြွယ်ဝပြီးဆင်းရဲလွန်းတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်များဟာ သူတို့သက်ဆိုးရှည်နိုင်ဖို့အတွက် သယံဇာတများကို လက်လွတ်စပယ် လုပ်ကွက်ချပေးတာတွေ လုပ်ဆောင်ခဲ့တာတွေကြောင့် သယံဇာတ ကျိန်စာ သင့်တဲ့ တိုင်းပြည်လို့တောင် ကင်ပွန်းတပ်ခံရတဲ့ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။ ဒီတော်လှန်ရေး ကာလမှာလည်း၊ တော်လှန်ရေးဆင်နွှဲနေကြချိန်မှာ တိုင်းပြည်ရဲ့ သယံဇာတတွေ လက်လွတ် စပယ်စီမံကြတာမျိုးမဖြစ်အောင် အဓိကရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာအခွန်ဘဏ္ဍာကဏ္ဍ အတွက် အတော်လေးကြိုးပမ်းလုပ်ဆောင်နိုင်ပြီး တော်လှန်ရေးအတွက် အထူးအကျိုးပြု ဆောင်ရွက်ပေးနိုင်ကြတာတွေ့ရလို့ အင်မတန်အားရမိပါတယ်။ မြေပြင်မှာဖြစ်ပေါ်နေတဲ့ ကိစ္စ ရပ်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး အချိန်နဲ့ တပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်တဲ့အတွက် လည်း ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေကြသူအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါ တယ်။ ဖက်ဒရယ်စနစ်မှာ ကျင့်သုံးကြရမယ့် သယံဇာတဆိုင်ရာ စီမံမှုတွေကိုလည်း အသိပညာ ပေးမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ပေးကြဖို့နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတိ ထားလိုက်ရမယ့်ကိစ္စရပ်များကို ပြည်သူလူထုအနေနဲ့ သိရှိလိုက်နာဆောင်ရွက်နိုင်ဖို့အတွက် ဝန်ကြီးဌာနမှ လုပ်ဆောင်ပေးပါရန် ထပ်မံပြီးတိုက်တွန်းပြောကြားလိုပါတယ်။” ဟု ပြောကြားခဲ့ ပါသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင်မှ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ ၊ အခက်အခဲများနှင့် စိန်ခေါ်မှု များကို ဦးဆောင်ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ”ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များဖြစ်သော သစ်တောသယံဇာတ စီမံအုပ်ချုပ်ရေးလုပ်ငန်းစဥ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ လုပ်ငန်းစဥ်များ၊ သစ်လုပ် ငန်း၊ သတ္ထုလုပ်ငန်း၊ ကျောက်မျက်နှင့်ပုလဲလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ဆွေးနွေး တင်ပြခဲ့ပါသည်။

တာဝန်ရှိသူတစ်ဦးမှလည်း ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသွားခဲ့ပါသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများမှ သိရှိလိုသည်များ၊ တင်ပြလိုသည် များကို ဆွေးနွေးမေးမြန်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ