အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ နေ့လယ်(၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အစည်းအဝေးအဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “တက်ရောက်လာတဲ့ မြေပြင်က သယံဇာတအဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရတာ ဒုတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ အားလုံးသိပြီးသားဖြစ်သည့်အတိုင်း ဒီအချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ ထိတွေ့မှုတွေ ဆက်တိုက် ဆင်နွှဲနေတာဖြစ်ပြီး အောင်မြင်မှုများလည်း ဆက်တိုက်ရရှိနေတာဖြစ်သလို တဘက်တွင်လည်း တော်လှန်ရေးအင်အားစုများမှ မိမိတို့ တော်လှန်ရေး ရဲဘော်များ ထိခိုက်ကျဆုံးသည့် သတင်း များလည်း ကြားသိရ၍ အင်မတန် စိတ်မကောင်း ဝမ်းနည်းမိပါကြောင်း၊ မြေပြင်အဖွဲ့တွေ အနေနဲ့လည်း စိတ်မကောင်းခြင်းတွေ ဖြစ်ကြမည်ကိုလည်း နားလည်ပါကြောင်း၊ နွေဦး တော်လှန်ရေးမှာ မိမိတို့ဌာနအနေနှင့် အရေးကြီးဆုံးက ဝန်ကြီးဌာနက ဦးဆောင်နေတဲ့ သယံဇာတစီမံအုပ်ချုပ်မှုမှာ ထိန်းသိမ်းစောင့်ရှောက်ရတာရှိသလို တဘက်တွင်လည်း ပြည်သူ တွေရဲ့အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် သေချာချိန်ညှိပြီး မျှမျှ တတစီမံခန့်ခွဲနိုင်ဖို့ လုပ်ဆောင်နေကြရပါကြောင်း၊ မြေပြင်အဖွဲ့တွေနဲ့ ရုံးအဖွဲ့တွေ အမြဲတမ်း ထိတွေ့နေဖို့ လိုအပ်ပါကြောင်း၊ မြေပြင်ရဲ့ ပကတိအခြေအနေနှင့် ဝန်ကြီးဌာနကချမှတ်ထားတဲ့ မူဝါဒတွေ လုပ်ထုံးလုပ်နည်းတွေ ပေါ်လစီပိုင်းဆိုင်ရာ သဘောတရားတွေ ကိုက်ညီအောင် မျှမျှတတဖြစ်အောင် အားလုံးစဉ်းစားပြီး ဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့် အမှားနည်းသထက် နည်းအောင် လုပ်လာနိုင်မှာလည်း ဖြစ်ပါကြောင်း၊ မြေပြင်အခြေအနေတွေကို မချွင်းမချန် အားလုံးဆွေးနွေးပေးဖို့ တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိ သူများက ရှင်းလင်းပြောကြာခဲ့ပြီး၊ ခရိုင် (၆)ခရိုင်၊ မြို့နယ် (၇)မြို့နယ်တို့မှ ခရိုင်သယံဇာတ တာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။

တက်ရောက်လာကြသည့် ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ တို့မှ သိရှိလိုသည်များမေးမြန်းခြင်းနှင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့်တကွ သက် ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မေးခွန်းများဖြေကြားခြင်းနှင့် ကြားကာလ သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် စုပေါင်းဝိုင်းဝန်း ဆွေးနွေး အဖြေရှာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ (၅း၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ