“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” (အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်)

“ကြံ့ခိုင်လှပ အနာဂတ်ဘဝ၊ မျိုးဆက်သစ်စွမ်းအား မြှင့်တင်ကြ”

နှစ်စဥ် အောက်တိုဘာလ (၁၃) ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၏ ဆောင်ပုဒ်မှာ “ကြံ့ခိုင်လှပ အနာဂတ်ဘဝ၊ မျိုးဆက် သစ်စွမ်းအား မြှင့်တင်ကြ” (“Empowering the next generation for a resilient future”) ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းမြို့၌ ကျင်းပခဲ့သော တတိယအကြိမ်မြောက် သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် သဘာဝဘေး အန္တရာယ်များ၏ သက်ရောက်မှုများသည် ဒေသန္တရအဆင့်တွင် အပြင်းထန်ဆုံးဖြစ်ကြောင်း၊ အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးနိုင်ခြေရှိမှု၊ လူမှုရေးနှင့် စီးပွားရေးအခြေအနေများ မတည် မငြိမ်ဖြစ်နိုင်ခြေရှိမှုတို့အား နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးကြေညာခဲ့ပါသည်။

ရုတ်တရက်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များသည် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်း များစွာကို အိုးအိမ်စွန့်ခွာထွက်ပြေးစေရလျက်ရှိပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးအန္တရာယ်များ ပိုမိုဆိုးရွားပြင်းထန်လာလျက်ရှိပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် မျှော်မှန်းထားသည့် ရလဒ်များပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပွားစေနိုင်သည်ဖြစ်၍ ဒေသန္တရအဆင့်တွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများသည် အရေးတကြီး လိုအပ်လျက်ရှိသည်။

သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာဆန်ဒိုင်းမူဘောင် (Sendai Framework for Disaster Risk Reduction) သည် ဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များတွင် လူထု အခြေပြုနှင့် လုပ်ဆောင်မှု အခြေပြု ချည်းကပ်မှုအပေါ် အခြေခံပြီး ပတ်ဝန်းကျင်ဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် ဇီဝဆိုင်ရာ ဘေးအန္တရာယ်ကဲ့သို့ လူတို့ကြောင့်ဖြစ်စေ၊ သဘာဝကြောင့်ဖြစ်စေ ဖြစ်ပေါ်လာနိုင်သော အသေးစားနှင့် အကြီးစားဘေးန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချရာတွင် အထောက်အကူဖြစ်ရန် ရည်ရွယ်ပါသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ၏ ပြင်းထန်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆) လအတွင်း ထိခိုက်ဆုံးရှုံးမှုမှာ အနည်းဆုံး ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိကြောင်း၊ ရာဂီမုန်တိုင်းကဲ့သို့ပင် အခြားသောသဘာဝဘေး အန္တရာယ်ကျရောက်မှုများ၏ အပြင်းထန်ဆုံး ခံစားရသူများကို လေ့လာကြည့်ပါက ကလေး သူငယ်များသည် အများဆုံးဖြစ်ကြောင်း၊ လူငယ်နှင့် အနာဂတ်မျိုးဆက်သစ်များကို သဘာဝ ဘေးအန္တရာယ် လျှော့ချရေး၊ ကာကွယ်ရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေး ကဏ္ဍများတွင် ပါဝင်စေခြင်းဖြင့် အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် ၎င်းတို့၏ ထိခိုက် မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချ နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဆွေးနွေးတင်ပြရင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှိုးဆော်ရေးသားလိုက်ပါသည်။

အကြောင်းအရာအပြည့်အစုံကို အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Download link : https://go.nugmyanmar.org/IDDR2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ