မေလ ၂၂ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့” ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “သဘာဝနှင့် သဟဇာတရှိရှိနေထိုင်မှ ရေရှည်ဖွံ့ဖြိုးမှုဖော်ဆောင်ရ” ဖြစ်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲဟုဆိုရာတွင် အပင်၊ တိရစ္ဆာန်နှင့် ပိုးမွှားအင်းဆက်များသာမက မျိုးစိတ်များအတွင်းနှင့် မျိုးစိတ်များအကြားရှိ မျိုးရိုးဗီဇစုံလင်ကွဲပြားမှု၊ လူ၊ တိရစ္ဆာန်နှင့် အပင်များအကြား အပြန်အလှန် ဆက်နွှယ်မှုများရှိသည့် ဂေဟစနစ်များ (ဥပမာ-သစ်တောများ၊ သဲကန္တာရများ၊ စိုက်ပျိုးမြေများ) တို့ ပါဝင်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲများမှာ လူ့ယဥ်ကျေးမှု တည်ဆောက်ရာတွင် အခြေခံကျသည့် အထောက်အကူပြု အရင်းအမြစ်များ ဖြစ်ကြပါသည်။ ငါးများသည် လူပေါင်း ၃ ဘီလီယံခန့်အား သတ္တဝါအခြေပြု ပရိုတင်းဓာတ် ၂၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးသကဲ့သို့ လူတို့ စားသုံးသည့် အာဟာရဓာတ် ၈၀ ရာခိုင်နှုန်းကျော်ခန့်ကို အပင်များမှ ထောက်ပံ့ပေးသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကျေးလက်ဒေသများတွင် နေထိုင်သည့် လူပေါင်း ၈၀ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အပင်များမှ ရရှိသည့် ဆေးဝါးများအပေါ်တွင် မှီခိုကြသည်။
သို့ရာတွင် လူသားတို့၏ ဆောင်ရွက်ချက်များကြောင့် မျိုးစိတ်များ အရေအတွက် နည်းပါးလာပြီး ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးပြုန်းတီးမှုသည် လူသားတို့၏ ကျန်းမာရေးအပါအဝင် သက်ရှိများ အားလုံးကို ခြိမ်းခြောက်လျက်ရှိပါသဖြင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ပြီး ရေရှည် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝတရားနှင့် သဟဇာတဖြစ်စေရေးတို့အတွက် ပူးပေါင်းပါဝင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
