ငလျင်ဆိုသည်မှာ မြေမျက်နှာပြင်အောက်ရှိ ကျောက်များ ရုတ်တရက် ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော မြေသားရုတ်တရက် လျင်မြန်စွာတုန်ခါမှုဖြစ်ပြီး ငလျင်ဖြစ်ပေါ်စေသော အကြောင်းရင်း သုံးမျိုးမှာ –
(၁) မြေထုချပ် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်ခြင်း၊
(၂) မီးတောင်ပေါက်ကွဲခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်ခြင်း၊
(၃) လူတို့လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။
မြေထုချပ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သော ငလျင်များသည် အတွေ့ရအများဆုံး၊ ဖျက်ဆီးမှု အများဆုံး၊ စွမ်းအားအမြင့်မားဆုံးနှင့် ခန့်မှန်းရန် အခက်ဆုံးဖြစ်သည်။
ကမ္ဘာ့အဓိက ငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုဖြစ်သော “အယ်လပိုက်” ငလျင်ကြော (Alpide Earthquake Belt) ၌ ကျရောက်တည်ရှိနေသော မြန်မာနိုင်ငံတွင် ငလျင်မကြာခဏလှုပ်ပြီး ငလျင် ဘေးအန္တရာယ်လည်း အတော်အတန်များပါသည်။ မြန်မာနိုင်ငံတွင် ငလျင်များကို လှုပ်စေခဲ့သော အဓိကအကြောင်းရင်းကြီးမှာ မြေထုချပ် လှုပ်ရှားမှုကြောင့် ဖြစ်ပေသည်။ ထိုသို့ မြေထုချပ် ဖြစ်စဉ်ဆိုင်ရာ ရွေ့လျားမှုများကြောင့် အနောက်ဘက် တွန့်ခေါက်တောင်တန်းကြီးများ ရပ်ဝန်းတစ်လျှောက် တွန်းတင်ပြတ်ရွေ့ကြီးများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာကျော် စစ်ကိုင်းပြတ်ရွေ့နှင့်တကွ ဆက်စပ်ဖြစ်ပေါ်သော ပြတ်ရွေ့များ ဖြစ်ပေါ်လာခဲ့သည်။ ဤသို့ ဖြစ်ပေါ်ခဲ့သော ပြတ်ရွေ့များ အများစုမှာ ဆက်လက်လှုပ်ရှားနေဆဲ ပြတ်ရွေ့ရှင်များ (active faults) အဖြစ် တည်ရှိကြသည်။
ယင်းပြတ်ရွေ့ရှင်ကြီးများတစ်လျောက် အချိန်ခြား၍ ရုတ်ချည်း ကျိုးပြတ်ရွေ့လျားမှုများကြောင့် မြန်မာနိုင်ငံတွင် ငလျင်အများစု လှုပ်ခဲ့ရသည်။ အဆိုပါ ပြတ်ရွေ့ကြီးများမှာ
(က) မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတစ်ဝိုက်ရှိ ‘တွန်းတင်ပြတ်ရွေ့များ’၊
(ခ) မြန်မာနိုင်ငံအနောက်ပိုင်း ကလေးဝဒေသ ကဘော်ချိုင့်ဝှမ်းတစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊
(ဂ) မြန်မာနိုင်ငံ၏ အလယ်ခန့်မှ ဖြတ်၍ တောင်-မြောက်တန်းလျက် တည်ရှိနေသည့် “စစ်ကိုင်းပြတ်ရွေ့ကြီး”၊ နှင့်
(ဃ) အရှေ့ဘက် ရှမ်းကုန်း ပြင်မြင့်ဒေသ နောင်ချိုမြို့ အနောက်ဘက်ရှိ “ကျောက်ကြမ်းပြတ်ရွေ့” စသည်တို့ ဖြစ်ကြပါသည်။
ဘူမိသိပ္ပံပညာရှင်များ၊ ငလျင်ပညာရှင်များ၏ လေ့လာစူးစမ်းမှုများဖြင့် ငလျင်လှုပ်နိုင်သည့် နေရာ (ငလျင်ရပ်ဝန်း) များကို ဖော်ထုတ်သိရှိနိုင်ခဲ့ကြသည်။ ငလျင်လှုပ်ခတ်နိုင်သည့် ပြင်းအားပမာဏကိုလည်း ငလျင်လှုပ်ခတ်မှု သမိုင်းမှတ်တမ်းများ ပြုစုခြင်းအားဖြင့် ယေဘုယျ ခန့်မှန်းသိရှိနိုင်ပေသည်။ သို့သော် “မည်သည့်အချိန်တွင် ငလျင်လှုပ်မည်” ကိုမူ ယနေ့တိုင် ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိသေးပေ။ တစ်ကမ္ဘာလုံးတွင် နှစ်စဉ်အပျက်အစီး ဖြစ်စေနိုင်သော ငလျင်အကြိမ်အရေအတွက် (၇၀) မှ (၇၅) ကြိမ်အထိ ဖြစ်ပေါ်လေ့ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် အတွင်း အာရှတိုက် (အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ အီရန်၊ ဂျပန်၊ အင်ဒိုနီးရှား၊ တရုတ်၊ နီပေါ စသည့်နိုင်ငံများ) တွင် ပြင်းထန်သော ငလျင်များစွာ ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံတွင် ငလျင်မှတ်တမ်းများအရ လွန်ခဲ့သည့် နှစ် (၁၇၀) ခန့် ကာလအတွင်း ပြင်းအား ပမာဏ (Magnitude = M7) ထက်များသော ငလျင်ကြီး (၁၆) ကြိမ် လှုပ်ရှားခဲ့ပြီး ဖြစ်သည်။ ငလျင်ကြီး (၅) ခုကြောင့် အပျက်အစီးများခဲ့ပြီး အသေအပျောက် အတော်အတန်ရှိခဲ့သည်။ မှတ်တမ်းများအရ ငလျင်ဖြစ်ပွားလေ့ရှိသော ဒေသအများစုမှာ စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်တွင် ကျရောက်နေပြီး လူနေထူထပ်သော မြို့ပြရပ်ဝန်းကြီးများ အများစုပါဝင်နေကြောင်း တွေ့ရှိရပေသည်။ ထို့ပြင် ငလျင်သည် ကြိုတင်သိရှိနိုင်ခြင်းမရှိဘဲ နေ့၊ ည အချိန်မရွေး လှုပ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် ငလျင်များနှင့် စပ်လျဉ်း၍ သိတန်သလောက် သိရှိကြရန် လိုအပ်ပေသည်။
သို့ဖြစ်ပါ၍ ယခုဆောင်းပါးတွင်
– ငလျင်ကြောင့် ဖြစ်ပေါ်လေ့ရှိသော တိုက်ရိုက်ဖြစ်စဥ်များ၊ သက်ရောက်မှုများ၊
– မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ် လျော့နည်းစေရေး ဦးတည်ချက်ဖြင့် ဘူမိသိပ္ပံ ပညာရှင်များ၏ ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ချက်များ
– ငလျင်လှုပ်ပြီးနောက် လုပ်ဆောင်သင့်သော လုပ်ငန်း (၄) ရပ်များ အကြောင်းကို မျှဝေအပ် ပါသည်။
အကြောင်းအရာအပြည့်အစုံဖတ်ရှုရန် – ဒေါင်းလုပ်ပြုလုပ်ရန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
