ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၅) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်
– တော်လှန်ရေးကာလအတွင်း ဒေသခံပြည်သူများ၏ လူမှုဘဝ ရှင်သန်ရပ်တည်‌ရေး၊ ဒေသကာကွယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့် ရန်ပုံငွေ တစ်ရပ်ရရှိရန်နဲ့ တော်လှန်ရေးကာလအတွင်း သယံဇာတလုပ်ငန်းများကို အတတ်နိုင်ဆုံး စနစ်တကျ စီမံနိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သယံဇာတစီမံအုပ်ချုပ်ခြင်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း၊
– ပြည်ထောင်စုကနေ စီမံခန့်ခွဲရတဲ့အပိုင်းတွေမှာ တိုင်းအလိုက် အထူးသယံဇာတလုပ်ငန်းအဖွဲ့တွေကို အသီးသီးတာဝန်ပေးအပ်ပြီး ဆောင်ရွက်နေကြတာဖြစ်လို့ အောင်မြင်သင့်သလောက် အောင်မြင်တယ်လို့ ယူဆရပါကြောင်း၊
– တော်လှန်ရေး လေးနှစ်တာကာလအတွင်း သယံဇာတလုပ်ငန်းတွေ စီမံဆောင်ရွက်ကြရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှုရှိ/မရှိ၊ အစိုးရယန္တရားမှာ ပါဝင်နေသူတွေ အနေနဲ့ မူဝါဒကို ဘယ်လောက်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိတယ်၊ မူဝါဒကို အကောင်အထည်ဖော်ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေတယ်၊ ပြည်သူက ဘယ်လောက်အထိ လိုက်ပါပူးပေါင်း ဆောင်ရွက်နိုင်တယ် စတဲ့အချက်တွေကို အမြဲပြုစု သုံးသပ်၍ ပိုမိုစနစ်ကျစေရန် တဆင့်ချင်း တိုးတက်ပြင်ဆင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊
– သယံဇာတလုပ်ငန်းများ ဆောင်ရွက်ရာမှာ မြို့နယ်များက စီမံခန့်ခွဲတဲ့ အပိုင်းကိုလည်း သက်ဆိုင်ရာ TAB-NR အဖွဲ့များက သေချာကြပ်မတ်ကြဖို့ အထူး မှာကြားလိုကြောင်း၊ ပြည်ထောင်စုကလည်း ဝိုင်းဝန်းကြပ်မတ်ပေးရမှာဖြစ်သလို လိုအပ်ချက်တွေကိုလည်း ကူညီပံ့ပိုး ဖြည့်ဆည်းပေးကြရမှာ ဖြစ်ကြောင်း၊
– သယံဇာတသည် ပြည်သူအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်အမွေအနှစ်ဖြစ်သောကြောင့် အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါမှာ တော်လှန်ရေးကာလ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ တော်လှန်ရေးအစိုးရရဲ့ အသုံးစရိတ်တွေကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ချပြပြီး ရှင်းတမ်းနဲ့တကွ ရှင်းလင်းတင်ပြပေးရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ယခုအချိန်ကစပြီး စာရင်းဇယားများ သေချာစိစစ်ပြီး မှန်ကန်စေဖို့ တာဝန်ယူဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ ရုံးအဖွဲ့တွေကိုလည်း အထူးမှာကြားလိုကြောင်း၊ ဒါမှသာ နောင်လာမည့် အသွင်ကူးပြောင်းရေးအစိုးရကို စနစ်တကျ လွှဲအပ်နိုင်မှာ ဖြစ်ကြောင်း၊
– မိမိတို့အနေနဲ့ ယခုအချိန်ဟာ တော်လှန်ရေးကာလအလွန် အကောင်အထည် ဖော်ဆောင်မည့် ဖက်ဒရယ်သယံဇာတမူဝါဒလုပ်ငန်းစဉ်ကို အထောက်အကူပြုစေဖို့ ပြည်သူဗဟိုပြု သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထများ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်နေချိန်လည်း ဖြစ်ကြောင်း၊
– နိဂုံးချုပ်အနေဖြင့် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ စနစ်ကျစေဖို့ အထူးဂရုပြု လုပ်ဆောင်ကြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း လိုအပ်သည်များ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြဖို့ တိုက်တွန်းလိုကြောင်း မှာကြားခဲ့ပါသည်။
(၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ