ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ “တော်လှန်ရေးကာလတွင် သယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မလွယ်ကူလှသော်လည်း မိမိတို့စိုးမိုးနယ်မြေများအတွင်း အတတ်နိုင်ဆုံး ကြိုးစားထိန်းသိမ်းကြရန်၊ သယံဇာတများ တရားမဝင် ထုတ်ယူခြင်းများကို တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက ကာကွယ်ကြပ်မတ်ဖို့ လိုအပ်သလို ဝန်ကြီးဌာနကလည်း သယံဇာတမူဝါဒများကို မြေပြင်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး အမြဲဆန်းစစ်၍ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများအား အချိန်မီဆောင်ရွက်နိုင်ရန်၊ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်များနှင့် လူမှုစီးပွါးကို အထောက်အပံ့ဖြစ်စေရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လျော့ပါးသက်သာစေရေးနဲ့ နိုင်ငံတော်ဘဏ္ဍာငွေရရှိစေရေးတို့အတွက် နိုင်ငံရဲ့ အဖိုးတန် သယံဇာတဖြစ်တဲ့ သစ်တောများကို တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက ပူးပေါင်းကာကွယ် ထိန်းသိမ်းကြရန်၊ မိမိတို့ စိုးမိုးနယ်မြေများရှိ ဆင်လေးများကိုလည်း တတ်နိုင်သမျှ စနစ်တကျ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးကြရန်” တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
