ပြည်ထောင်စုဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှု အဖွဲ့၏ (၅ /၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံ ဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံး အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် –
အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ အတွင်းဝန်များနှင့် ရုံးအဖွဲ့သားများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း၊
အားလုံးသိရှိထားကြတဲ့အတိုင်း လက်ရှိအခြေအနေအရ မြေပြင်မှာ မိမိတို့ဘက်မှ ထိုးစစ်စတင်ဆင်နွှဲ နေတာဖြစ်ပြီး အောင်ပွဲများ ဆက်တိုက်ရရှိနေတာ ဖြစ်ပါကြောင်း၊ အောင်ပွဲများရရှိသလို မိမိတို့ရဲဘော် များလည်း ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း ဝမ်းနည်းစွာ ကြားသိရပါကြောင်း၊ တိုင်းပြည်အတွက် မြင့်မြတ် စွာ ကျဆုံးသွားတဲ့ ရဲဘော်များအတွက်လည်း လေးစားဂုဏ်ယူ မှတ်တမ်းတင်အလေးပြုပါကြောင်း၊
အရှိန်အဟုန်နဲ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအတွက် မိမိတို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့ဝင် ဝန်ကြီးဌာနများအနေဖြင့် တော်လှန်ရေးကာလအလွန် စီမံခန့်ခွဲရေးနည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်း၊
၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်ဖွဲ့စည်းခဲ့သည့် NAB-NR ၏ ရည်ရွယ်ချက်တွေကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ပေးနေကြတဲ့ အဖွဲ့ဝင် ဝန်ကြီးဌာန ၅ ခု ကိုလည်း ကျေးဇူးတင် ဂုဏ်ပြုကြောင်း၊ တော်လှန်ရေးကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် မူဝါဒများ၊ လမ်းညွှန်မှုများကို တီထွင်ကြံဆပြီး ချမှတ်ထုတ်ပြန်ဆောင်ရွက်ပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း၊ ပြည်ထောင်စုအဆင့် သယံ ဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းပြီး မြေပြင်ကို တိုက်ရိုက်ကွပ်ကဲနေရာကနေ မြေပြင်လိုအပ်ချက်များကို ချိန်ညှိနိုင်မည့် အထူးသယံဇာတအဖွဲ့ ဖွဲ့စည်းကာ ပြည်ထောင်စုမှ တိုက်ရိုက်ကိုင်တွယ်ပြီး မြေပြင်တွင် အနီးကပ်စီမံကွပ်ကဲနိုင်မှုများကြောင့် သယံဇာတအလေအလွင့် နည်းပါးလာတာကိုလည်း တွေ့ရှိရပါ ကြောင်း၊ လက်ရှိ အရေးကြီးကာလအတွင်းမှာ မြေပြင်စစ်ပွဲများနှင့် အခက်အခဲများအကြား ဟန်ချက် ညီညီ ဆောင်ရွက်ကြဖို့ကိုလည်း အထူးအလေးထား တိုက်တွန်းလိုပါကြောင်း၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့စပ်လျဥ်းပြီး ချမှတ်ထားတဲ့ မူဝါဒတွေကို လေးစားလိုက်နာကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ မိမိတို့အစိုးရက ချမှတ်ထားတဲ့ မူဝါဒများကို လိုက်နာပါမှသာ မိမိတို့က တာဝန် ယူပေးမှာဖြစ်ကြောင်းကို တာဝန်ပေးအပ်ထားတဲ့ သက်ဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံများမှ တဆင့် သတင်းစကား သေချာပါးပေးဖို့ အရေးကြီးပါကြောင်း၊
နိဂုံးချုပ်အနေဖြင့် တော်လှန်ရေး အစကတည်းကပင် မိမိတို့အားလုံး ကိုယ့်လမ်းကိုယ်ဖောက်ပြီး သမိုင်း သစ်ကို ရေးထွင်းခဲ့ကြတာဖြစ်လို့ အခက်အခဲများ ဘယ်လောက်ပင်ရှိပါစေ ကျွန်တော်တို့အားလုံး ညီညီ ညွတ်ညွတ်၊ တိုင်တိုင်ပင်ပင်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုစားအားထုတ်ကာ အတူလက်တွဲ ရှေ့ဆက်သွားကြပါစို့လို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်း စဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး က တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပါ သည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုဆုံးဖြတ်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၃) အစည်းအဝေး ဆုံးဖြတ် ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
