ပြည်ထောင်စုဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီး များ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်း ရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် “အစည်းအဝေး တက်ရောက်လာကြသူ များအားလုံး ဘေးကင်းလုံခြုံ ရှိကြပါစေကြောင်း နှုတ်ခွန်းဆက်သခဲ့ပြီး အဖွဲ့ဝင်သစ်ဖြစ်တဲ့ MONREC ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကစလို့ လုပ်ငန်း တွေ လည်ပတ်ဆောင်ရွက်လာတာ ယခုဆိုရင် နှစ်နှစ်နီးပါး အချိန်ကာလ ရောက်ရှိလာပြီ ဖြစ် ကြောင်း၊ ဒီနှစ်နှစ်နီးပါးကာလကို ပြန်လည်ဆန်းစစ် ကြည့်မယ်ဆိုရင် သယံဇာတနဲ့ သက်ဆိုင်တဲ့ မြေပြင်မှာ လက်တွေ့လုပ်ကိုင်နိုင်အောင် လိုအပ်သော လုပ်ထုံးလုပ်နည်းညွှန်ကြားချက်တွေကို ချမှတ်ပေးခြင်း၊ အခွန်ဒဏ်ကြေးတွေ စနစ်တကျ ကောက်ခံနိုင်မှုရှိအောင် ထိန်းကြောင်း ကြပ်မတ်ပေးခြင်း၊ သယံဇာတစီမံအုပ်ချုပ်မှုနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအကြား ပိုမို ပေါင်းစပ်လုပ်ကိုင်နိုင်အောင် ညှိနှိုင်းပေးခြင်း၊ လုပ်ငန်းလိုအပ်ချက်များအရ အဖွဲ့ဝင်ဝန်ကြီးဌာန အသစ်တွေ၊ SAB NR ကဲ့သို့ လုပ်ငန်းအဖွဲ့တွေ ထပ်မံအင်အားဖြည့် ဖွဲ့စည်းခြင်းတို့ ဆောင်ရွက် ခဲ့ပါကြောင်း၊ သယံဇာတကရရှိတဲ့ အခွန်ဒဏ်ကြေးတွေကလည်း ပိုမိုရရှိလာကာ တော်လှန်ရေး အတွက် စနစ်တကျ သုံးစွဲနိုင်ရေး ဆက်လက်ကြီးကြပ်လျက်ရှိပါကြောင်း၊ တစ်ဖက်မှာ ကောင်း မွန်တဲ့ တိုးတက်မှုတွေ ရှိနေသလို အခက်အခဲ စိန်ခေါ်မှုတွေလည်း အမြဲမပြတ် ကြုံတွေ့နေရပါ ကြောင်း၊ သယံဇာတစီမံအုပ်ချုပ်မှုမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တော် လှန်ရေး အင်အားစုတွေမှာ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေ မရှိရအောင်လည်း ချမှတ်ထားတဲ့ မူဝါဒ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ အမြဲမပြတ် တွန်းအားပေး စောင့် ကြပ်နေဖို့ လိုအပ်ပါကြောင်း၊ ဒီတော်လှန်ရေးကာလအတွင်းမှာ ဖယ်ဒရယ်စနစ်ရဲ့ အခြေခံ ဖြစ်တဲ့ ပြည်သူဗဟိုပြု သယံဇာတစီမံအုပ်ချုပ်မှု အမြစ်တွယ်ရှင်သန်နေစေဖို့ မြို့နယ်အဆင့်မှာ သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့တွေကို ဖွဲ့စည်းဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ပြည်ထောင်စုက ကိုင်တွယ်စီမံရတဲ့ သယံဇာတကိစ္စရပ်တွေအတွက် SAB-NR ကို ဖွဲ့စည်းကာ မြေပြင်ထိဆင်း၍ ဆောင်ရွက်နေပါကြောင်း၊ ဒီလိုအောက်ခြေမြေပြင်အဆင့်နဲ့ ပြည်ထောင်စု အဆင့်ကြား သယံဇာတ စီမံအုပ်ချုပ်မှုကို ခွဲဝေဆောင်ရွက်ရာမှာ ဟန်ချက်ညီမျှဖို့နဲ့ တာဝန် ဝတ္တရားတွေ ခွဲခြားမျှဝေဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ ယခုဆိုရင် နယ်မြေစိုးမိုးမှုရှိတဲ့ ဒေသတွေမှာ သယံဇာတစီမံအုပ်ချုပ်မှုကို တင်းပြည့်ကျပ်ပြည့် လုပ်ကိုင် ခြင်းကနေ အခွန်ဒဏ်ကြေး အမြောက်အများ ရရှိနေတာ ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်သလို တစ်ဖက်မှာလည်း ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် သယံဇာတလုပ်ငန်း တွေကြောင့်ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ပျက်စီးမှုကို စီမံကွပ်ကဲဖို့လည်း လိုအပ်လာပါကြောင်း၊ ပတ်ဝန်းကျင်အရေးဟာ နိုင်ငံတကာကလည်း အလေးအနက်ထား စောင့်ကြည့်နေကြတာ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ပို၍ အားကောင်း ခိုင်မာစွာ ရရှိနိုင်ဖို့ ကျနော်တို့ အစိုးရက တော်လှန်ရေးကာလပင် ဖြစ်လင့်ကစား ပတ်ဝန်းကျင် ကို လျစ်လျူရှုမထားဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကိုလည်း တပါ တည်း လုပ်ကိုင်နိုင်အောင် ယခုကတည်းက စဉ်းစားကာ စတင်အကောင်အထည်ဖော် လုပ် ဆောင်ဖို့ လိုနေပါပြီဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆိုတာ ဖွံ့ဖြိုး တိုးတက်မှုအတွက် အနှောင့်အယှက်မဟုတ်ဘဲ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်အစိုးရ ရဲ့ ဂုဏ်သိက္ခာ မြင့်တက် စေတယ်ဆိုတာ အလေးထား ပြောကြားလိုပါကြောင်း၊ တော်လှန်ရေး ကာလ၊ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ၊ လမ်းညွှန်ချက်တွေကိုလည်း သယံဇာတနဲ့ သက်ဆိုင်တဲ့ သစ် တော၊ သတ္တုနှင့် ရေနံကဏ္ဍတွေမှာ ချမှတ်နိုင်ရေး သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေအကြား ပေါင်း စပ်ဆောင်ရွက်ပေးကြပါလို့ လည်း တိုက်တွန်းပါကြောင်း၊ သယံဇာတကို စီမံအုပ်ချုပ်ရာမှာ တစ်ဖက်က အခွန်ဘဏ္ဍာ တိုးမြင့်ရရှိရေး ကြိုးစားဆောင်ရွက်သလို တစ်ဖက်မှာလည်း လူမှု ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးဝါးဝါး မပျက်စီးစေရေး ထိန်းညှိဆောင်ရွက်သွားဖို့ ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ တော်လှန်ရေးကာလအတွက် အကျိုးရှိထိ ရောက်စေမယ့် သယံဇာတစီမံ အုပ်ချုပ်မှု ဖြစ်စေရေး လိုအပ်သည့် အကြံကောင်းများ၊ ပြုပြင် ရမည့်အချက်များကို ဒီနေ့အစည်း အဝေးမှာ ပြောဆိုဆွေးနွေးပေးကြပါလို့ တိုက်တွန်းလိုပါ ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တွဲဖက်အတွင်းရေးမှူးက တင်ပြခဲ့ပြီး သယံ ဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြ ကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက် ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
