ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၃)
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ( ၃ ) ရက်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ( ၁၇ ) ရက်
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအားဖျက်သိမ်းခြင်း
ရည်ညွှန်းချက်။
(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၃.၈.၂၀၂၂ ရက်စွဲပါ ကြေညာချက် (၇/၂၀၂၂)
(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၉.၆.၂၀၂၁ ရက်စွဲပါ ကြေညာချက် (၂/၂၀၂၁)
(၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၇.၄.၂၀၂၁ ရက်စွဲပါ ကြေညာချက် (၁/၂၀၂၁)
(၄) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၂.၃.၂၀၂၁ ရက်စွဲပါ ကြေညာချက် (၄/၂၀၂၁)
၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတခုသည် အများပြည်သူအကျိုးကို ဦးစားပေးရမည် ဖြစ်သော်လည်း ယခုအခါ၌ အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုး အမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရက သုံးသပ်ခဲ့လျက် အထက်ပါအမိန့်များ၊ ကြေညာချက်များဖြင့် အကြိမ်ကြိမ်သတိပေးခဲ့ သော်လည်း လိုက်နာခဲ့ခြင်း မရှိသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နှင့်တကွ လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းလိုက်သည်။
၂။ ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ အသင်းနှင့် အသင်းခွဲများ၏ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေ အားလုံးကို ထုတ်နုတ်သုံးစွဲခြင်းမပြုရန် တားမြစ်လိုက်သည်။
၃။ ဤအမိန့်သည် လုပ်ငန်းရှင်တဦးချင်း၏ ပိုင်ဆိုင်မှုနှင့် အကြမ်းဖက်ကောင်စီနှင့် တိုက်ရိုက် မပတ်သက်သော၊ အကျိုးစီးပွားအားဖြင့် ဆက်နွယ်မှုမရှိသော လုပ်ငန်းဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်မှု မရှိစေရ။
၄။ ဤအမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါ အဖွဲ့အစည်းတွင် ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေခြင်း၊ ယင်းအဖွဲ့အစည်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၄/၂၀၂၃ ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ သဘောတူညီချက်များအရ အမိန့်ထုတ်ပြန် ကြေညာလိုက်သည်။