၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ဆင်များနေ့” အကြောင်း

ကမ္ဘာတစ်ဝန်းရှိ ဆင်များအား အလေးထားဂုဏ်ပြုပေးရန်၊ ကူညီကြရန်နှင့် ဆင်များအား ၎င်းတို့ ၏ အစွယ်များအတွက် မုဆိုးများမှ တရားမဝင်အမဲလိုက်ခြင်း (သို့မဟုတ်) ရက်စက်ကြမ်းကြုတ် စွာ သတ်ဖြတ်ခြင်းမပြုရေးအတွက် ပြည်သူလူထုထံသို့ အသိပညာများ ဖြန့်ဝေရန် ကမ္ဘာ့ဆင် များနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဆင်များရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှု ဘေး အန္တရာယ်များအကြောင်းကို အသိပညာပေး ဖြန့်ဝေရန်နှင့်  ထိုခြိမ်းခြောက်ခံရမှုများကို ဖြေရှင်း နိုင်မည့်နည်းလမ်းကောင်းများအား ဖော်ထုတ်ရန် ရည်ရွယ်၍ နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။

ကမ္ဘာ့ဆင်များနေ့” ကို ဘာကြောင့်ကျင်းပရတာလဲ။

တရားမဝင်အမဲလိုက်ခြင်းနှင့် ခိုးယူသတ်ဖြတ်ခြင်းတို့အား ပိတ်ပင်တားမြစ်နိုင်စေရန်အတွက် ဆင်များနှင့် ပတ်သက်သည့် အသိပညာများပေးရန် ကမ္ဘာ့ဆင်များနေ့ကို နှစ်စဉ်ကျင်းပခြင်း ဖြစ်သည်။

ကမ္ဘာ့ဆင်များနေ့သည် ဆင်များအား ကာကွယ်နိုင်စေရန်အတွက် ၎င်းတို့၏ပြဿနာများ အကြောင်းကို အများပြည်သူများသို့ ထုတ်ဖော်ပြောဆိုရန်၊ အတူတကွထောက်ခံရန်နှင့် အသိ ပညာပေးရန်တို့အတွက် သတ်မှတ်ထားသည့်နေ့ တရပ်ဖြစ်ပါသည်။

ထိုဆောင်ရွက်ချက်များအား ထောက်ပံ့နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဆင်ထိန်းသိမ်းရေးလုပ်ငန်း အတွက် ပညာပေးစည်းရုံးရာတွင် ပါဝင်နိုင်ရန် (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘာ့ဆင် ထိန်းသိမ်းရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။ ပထမဆုံး ကမ္ဘာ့ဆင်များနေ့ကို (၂၀၁၂) ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် ထိုနေ့အား ဆင်များကို ကာကွယ်စောင့် ရှောက်ရန်နှင့် ဆင်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ကမ္ဘာ့ဆင်များနေ့”ကို မည်ကဲ့သို့ကျင်းပသနည်း။

ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားများသည် ကမ္ဘာ့ဆင်များနေ့ကို မှတ်သားထားပြီး ထိုနေ့ တွင် ဆင်များ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများအကြောင်း သိရှိစေရန် အသိပညာများ ဖြန့်ဝေခြင်း၊ ဆောင်ပုဒ်များ၊ ကဗျာများရေးခြင်းစသည့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ပါဝင်ဆင်နွှဲ ကြသည်။

အချို့သောသူများသည် ဆင်များအား ကာကွယ်ပေးရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် အဖွဲ့ အစည်းများအား လှူဒါန်းကြပြီး အများစုမှာ ဆင်များအား အမဲလိုက်ခြင်းနှင့် ခိုးယူသတ်ဖြတ် ခြင်းများ ရပ်တန့်ရန်အတွက်လည်း ကတိပြုလက်မှတ်ရေးထိုးကြပါသည်။

ဆင်များရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများ”

(၁) တရားမဝင်အမဲလိုက်ခြင်း

(၂) လူနှင့်တိရိစ္ဆာန်အကြားပဋိပက္ခများ

(၃) မွေးမြူထိန်းသိမ်းထားစဉ်အတွင်း ဆိုးဝါးစွာပြုမူခြင်း

(၄) ဆင်စွယ်အတွက် သတ်ဖြတ်ခြင်းနှင့် ခိုးယူခြင်း

ဆင်များရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်သောနည်းလမ်းများ”

(၁) ဆင်များအား ပိုမိုကောင်းမွန်စွာကာကွယ်နိုင်ရန် ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း

(၂) တရားမဝင်အမဲလိုက်ခြင်းနှင့် ခိုးယူသတ်ဖြတ်ခြင်းတို့အား လျှော့ချပပျောက်စေခြင်း

(၃) ဆင်များ၏ သဘာဝပေါက်ဖွားရာဒေသများ(နေရင်းဒေသများ)အား ထိန်းသိမ်းကာကွယ် ခြင်း

(၄) မွေးမြူထိန်းသိမ်းထားစဉ်အတွင်း ပိုမိုကောင်းမွန်သောနည်းလမ်းများ အသုံးပြုခြင်း

ကမ္ဘာတစ်ဝှမ်းရှိ ဆင်များထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း ဆင်များရင်ဆိုင် ကြုံတွေ့နေရသော ခြိမ်းခြောက်ခံရမှုများနှင့် ထိုခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်သော နည်းလမ်းများကို နားလည်သိရှိပြီး  မိမိတို့ပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ဆောင်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ