(၉-၉-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ (NAB-NR) ၏ (၅/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည့် အဖွင့်မိန့်ခွန်း

လက်ရှိတော်လှန်ရေးကာလတွင် ပြည်သူဗဟိုပြု သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူလူထုက စည်းကမ်းတကျ လက်တွေ့လိုက်နာ အကောင်အထည်ဖော်ဆောင်နိုင်မည့် မူဝါဒများ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊

၎င်းအပြင် တော်လှန်ရေးကာလ မြေပြင်လက်တွေ့အကောင်အထည်ဖော်ရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စေရေး လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ပြန်လည်ပြင်ဆင် ထုတ်ပြန်ခဲ့သည်များ ရှိခဲ့ပြီး ပြင်ဆင်ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို မြေပြင်အဖွဲ့များနှင့် ယခုထက် နီးနီးကပ်ကပ် ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊

သယံဇာတကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အန္တရာယ်အကင်းဆုံး၊ ပြည်သူနှင့် အစိုးရအတွက် အကျိုးအရှိဆုံးနှင့် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေ မည့်နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအားလုံးက စည်းစည်းလုံးလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် လုပ်ငန်းမြန်ဆန်သွက်လက်ပြီး မိမိတို့ အားလုံး၏ ရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးအောင်မြင်ရေးအတွက် ယခင်ကထက် ပိုမို အထောက်အကူပြုလာနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊

ပြည်ထောင်စုအစိုးရ၊ ဝန်ကြီးဌာန၊ ကြားကာလမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သယံ ဇာတအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစည်းကာ သယံဇာတများကို  စုပေါင်း ခေါင်းဆောင်မှု၊ စုပေါင်းအားထုတ်မှု နည်းလမ်းများ အသုံးပြု၍ စနစ်တကျ စီမံအုပ်ချုပ်ခြင်းဖြင့် ဗဟိုချုပ်ကိုင်မှု အနည်းဆုံးဖြစ်သော၊ ပြည်သူဗဟိုပြု သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထ များ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် နောင်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖက်ဒရယ် သယံဇာတမူဝါဒကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊

ယခင်ကာလတွေမှာ မြန်မာနိုင်ငံ၏ သယံဇာတမှ ရရှိသည့်ငွေသည် သယံဇာတ၏ မူလပိုင်ရှင်များ ဖြစ်ကြသည့် ပြည်သူများဆီသို့ မစီးဆင်းဘဲ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် လက်တစ်ဆုပ်စာ လူနည်းစုကသာ ထင်သလို ကြီးစိုးချယ်လှယ်ပြီး လက်ဝါးကြီး အုပ်ချုပ်ကိုင်ခဲ့ကြကြောင်း၊ မိမိတို့ပြည်သူလူထုအနေဖြင့် ကိုယ်ပိုင်သယံဇာတများကို ကိုယ်တိုင်စီမံ ဖန်တီးပိုင်ခွင့် မြန်မြန်ရရှိရေး တော်လှန်ရေးကို အားကုန် ကြိုးစားပါဝင်ကြရမှာ ဖြစ်ကြောင်း၊

နိဂုံးချုပ်အနေဖြင့် သယံဇာတစီမံအုပ်ချုပ်မှု စနစ်တကျ ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်ရေး၊ ပြည်သူများအတွက် တော်လှန်ရေးကာလနှင့် လျော်ညီသည့်မူဝါဒများ ချမှတ်အကောင်အထည် ဖော်ဆောင်ရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းပြည် သယံဇာတထောင်ချောက် မှ အမြန်လွတ်မြောက်စေရေး ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြပါစို့ဟု တိုက်တွန်းပြောကြားလိုကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ