စစ်​ကောင်စီထံ ​ငွေစီးဆင်းမှု မရှိ​စေ​ရေး ပုဂ္ဂလိက သစ်​တောစိုက်ခင်းလုပ်ငန်းရှင်များထံသို့ အသိ​ပေးနှိုး​ဆော်ခြင်း

မြန်မာနိုင်ငံတွင် သစ်​တောသယံဇာတများ ပျက်စီးပြုန်းတီးလာသည်နှင့်အမျှ သစ်​တောစိုက်ခင်းတည်​ထောင်ခြင်း လုပ်ငန်းအပြင် ပုဂ္ဂလိက အခန်းကဏ္ဍမြှင့်တင်​နိုင်​ရေးအတွက် ပုဂ္ဂလိက သစ်​တောစိုက်ခင်းတည်​ထောင်ခြင်းကို ၂၀၀၆ ခုနှစ်မှစ၍ ခွင့်ပြု​ပေးခဲ့ပါသည်။

ထိုသို့ခွင့်ပြု​ပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ်ကုန်အထိ ပုဂ္ဂလိက ကျွန်း၊ သစ်မာနှင့် စက်မှုကုန်ကြမ်း စိုက်ခင်းဧရိယာ ၁၄ သိန်း ဧက​ကျော် ခွင့်ပြုလုပ်ကိုင်ခွင့်​ပေးခဲ့ပြီးဖြစ်ပါသည်။

ထိုသို့ နိုင်ငံ​တော်၏ သစ်​တောဖုံးလွှမ်းမှုဧရိယာ တိုးတက်လာ​စေဖို့ တဖက်တလမ်းက ကူညီအားဖြည့်​ပေးကြတဲ့ ပုဂ္ဂလိက သစ်​တောစိုက်ခင်းလုပ်ငန်းရှင်များကို အထူး​ကျေးဇူးတင်ရှိပါသည်။

၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၁ ရက်​​နေ့တွင် နိုင်ငံ​တော်အာဏာကို အဓ္ဓမသိမ်းယူထား​သော အာဏာရူးစစ်​ကောင်စီသည် ပြည်သူတို့ထံမှရရှိတဲ့ နိုင်ငံ​တော်၏ အခွန်ဘဏ္ဍာရန်ပုံ​ငွေများဖြင့် လူသတ်လက်နက်များဝယ်ယူ၍ က​လေးသူငယ်များပါမကျန် တိုင်းရင်းသား ပြည်သူညီအစ်ကို ​မောင်နှမများကို သတ်ဖြတ်​နေသည်ကို သိရှိကြပြီးဖြစ်ပါသည်။

သို့ပါ၍ ​လေးစားအပ်ပါ​သော ပုဂ္ဂလိက သစ်​တောစိုက်ခင်းလုပ်ငန်းရှင်များအ​နေဖြင့် စစ်​ကောင်စီလက်ကိုင်တုတ် သစ်​တောဦးစီးဌာန၏ ၂၁-၅-၂၀၂၁ ရက်​နေ့တွင် ပြုလုပ်​သော အစည်းအ​ဝေးဆုံးဖြတ်ချက်ပါ ​မြေငှားရမ်းခများကို မ​ပေးသွင်းခြင်းဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာ​ရောက်မည့်အပြင် ပြည်သူ့ CDM တွင်လည်း ပူး​ပေါင်းပါဝင်ရာ ​ရောက်ပါသည်။

MONREC- NUG အနေဖြင့် ပြည်သူပိုင်ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီအတွက် ရန်ပုံငွေရှာဖွေနေမှုများကို လုံးဝ(လုံးဝ) လက်ခံမည်မဟုတ်ပါကြောင်းနှင့် တွန်းအား​ပေး​ဆောင်ရွက်​နေတဲ့ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါဝင်ပတ်သက်သော ဝန်ထမ်းများအား ပြည်သူပိုင်ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုများဖြင့် အမည်ပျက်စာရင်း ရေးသွင်းသွားမည်ဖြစ်ပြီး မိမိတို့၏ လုပ်​ဆောင်ချက်များအ​ပေါ် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်​ကြောင်း သတိပေးပါသည်။ 

ပုဂ္ဂကသစ်​တောစိုက်ခင်းလုပ်ငန်းရှင်များကလည်း ပြည်သူတို့နှင့်အတူ ရပ်တည်သည့်အ​နေဖြင့် ​မြေငှားရမ်းခ အခွန်​​​ငွေများ ​ပေးသွင်းခြင်း မပြုကြပါရန်၊ ​မြေငှားရမ်းခ မ​ပေးသွင်းသဖြင့် ​မြေပြန်လည်သိမ်းယူခဲ့လျှင်လည်း ပြည်သူ့အစိုးရ တက်​ရောက်ချိန်တွင် ပြန်လည်စိစစ်​ပေးမည်ဖြစ်ပါ​ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးပါသည်။

ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန 

မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ