မြစ်ဆုံရေကာတာနှင့် မြစ်ဆုံအထက် မေခ၊ မလိခ မြစ်ဝှမ်း ရေကာတာစီမံကိန်းများတွင် ဌာနေ တိုင်းရင်းသား ဒေသခံ ပြည်သူများ၏ သဘောဆန္ဒကို ထောက်ခံကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အတူ ရပ်တည်ကြောင်း

၁။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများ၊ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏ လူမှုစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာပျော်ရွှင်ရေးနှင့် အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် သာယာဝပြောသော လူမှုဝန်းကျင်ကို ထူထောင်ထိန်းသိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ပြည်သူဗဟိုပြု ဖက်ဒရယ်သယံဇာတဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်ကို အကောင်အထည်ဖော်ဆောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ဧရာဝတီမြစ်သည် ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် အရေးပါသော အမျိုးသားရေး ဝိသေသလက္ခဏာ သဘာဝအမွေအနှစ် ဖြစ်ပါသည်။ ဧရာဝတီမြစ် ဂေဟစနစ်ကောင်းမွန်စွာဖြင့် စီးဆင်းနိုင်ရေးအတွက် မြစ်ဆုံနှင့် မေခ၊ မလိခမြစ်တို့ ဂေဟစနစ်ကောင်းမွန်ရေးနှင့် မြစ်ကြောင်းများ မပျက်စီးရေးသည် အလွန်အရေးကြီးပါသည်။

၃။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်၏ မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံသည့်နေရာတွင် မြစ်ဆုံရေကာတာနှင့် မြစ်ဆုံအထက်၊ မြစ်ညှာမြစ်ဝှမ်း ဒေသများတွင် ရေကာတာစီမံကိန်းများ တည်ဆောက်မှုကြောင့် ဒေသခံပြည်သူများ၏ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များတွင် ဌာနေတိုင်းရင်းသား ဒေသခံပြည်သူများ၏ သဘောထားဆန္ဒကို အလေးပေး ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများတွင် ဌာနေတိုင်းရင်းသား ဒေသခံပြည်သူများ၏ဆန္ဒနှင့်အညီ ရပ်တည်ပြီး ပြည်သူ့အသံ၊ ပြည်သူ့လှုပ်ရှားမှုအပေါ် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

၄။ ထို့ကြောင့် မြစ်ဆုံရေကာတာနှင့် မြစ်ဆုံအထက် မြစ်ညှာမြစ်ဝှမ်း စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေဖြင့် ဌာနေတိုင်းရင်းသား ဒေသခံ ပြည်သူလူထု၏ သဘောဆန္ဒ အတိုင်း လိုက်နာဆောင်ရွက်သွားရန် ဤဝန်ကြီးဌာနအနေဖြင့် အလေးပေး တိုက်တွန်းအပ်သည်။ ပြည်သူ့အစိုးရဖြစ်ခြင်းကြောင့် ပြည်သူနှင့် ပြည်သူ့ဆန္ဒသာလျှင် အဓိကဖြစ်သည်ကို အလေးမူလျက် ဖက်ဒရယ်သယံဇာတဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူ့ဆန္ဒကို အလေးထားလျက် ပြည်သူဗဟိုပြုသည့် လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု 
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန 
မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ