ရပ်တည်ချက်အမှန်ဖြင့် CDM တွင် ပြန်လည်ပူး​ပေါင်းပါဝင်လိုသည့် ပြည်သူ့ဝန်ထမ်းများအား အသိအမှတ်ပြု ကြိုဆိုခြင်း

၁။ လက်နက်ကိုင် အာဏာသိမ်း အကြမ်းဖက်အဖွဲ့​၏ အမိန့်အာဏာဟူသမျှဖီဆန်ကြရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများပါဝင်မှု အားကောင်းလာသည်နှင့်အမျှ အကြမ်းဖက် စစ်ကောင်စီဖက်မှ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဖိအားပေး၍လည်းကောင်း၊ စည်းရုံးသိမ်းသွင်း၍လည်းကောင်း ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်စေရန် ကြိုးပမ်းခဲ့ကြပြီး ဝန်ထမ်းအချို့မှာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်ကို ကြားသိရပါသည်။

၂။ မိသားစုဝင်များ၏ တိုက်တွန်းမှုများအပါအဝင် လူမှုဘဝဖိအား အမျိုးမျိုးကြောင့် အလုပ်ခွင် ပြန်လည် ဝင်ရောက်နေရသော်လည်း လက်နက်ကိုင် အကြမ်းဖက်အုပ်စု၏ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်လိုသည့် စေတနာအလျဉ်းမရှိပါဘဲ ဓမ္မတရားနှင့် ပြည်သူ့ဖက်တွင်သာ ရပ်တည်လိုသည့် Non-CDM ဝန်ထမ်းများစွာ ရှိနေမည်ကို မိမိတို့ပြည်သူ့အစိုးရက ယုံကြည်ပါသည်။ ထို့ကြောင့်လည်း ၎င်းတို့အနေနှင့် ပြည်သူဖက်မှ ရပ်တည်ပူးပေါင်းနိုင်မည့် လမ်းကြောင်းကို ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း ဤဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များတွင် အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

၃။ ယခုအခါ အကြမ်းဖက်အုပ်စု၏ ပိုမိုဆိုးရွားလာသော ရက်စက်မှု၊ လူသားချင်းညှဉ်းပန်းနှိပ်စက်မှုများနှင့် စစ်ကောင်စီလက်ကိုင်တုတ်များ၏ လုပ်ငန်းခွင်ဖိနှိပ်မှုများကို မြင်တွေ့သိရှိလာရပြီးနောက် မိမိတို့၏ ရပ်တည်ချက်အမှန်ကို အချိန်မီပြန်လည်ပြင်ဆင်၍ ဖော်ထုတ်ပြသလိုသည့် CDM သူရဲကောင်းများစွာ ရှိလာနိုင်သည့်အတွက် ထိုသို့ အမြင်မှန်ဖြင့် CDM တွင် ပြန်လည်ပူးပေါင်းလိုသည့် ဓမ္မဘက်တော်သား ပြည်သူ့ဝန်ထမ်းများအား အသိအမှတ်ပြု ကြိုဆိုပါသည်။

၄။ တရားမျှတမှုအတွက် ပြည်သူကိုသာ မျက်နှာမူလိုသည့် နိုင်ငံ့ဝန်ထမ်း အစစ်အမှန်များ၏ ပေါင်းစည်းအားဖြင့် ဖက်ဒရယ် သယံဇာတစီမံအုပ်ချုပ်မှုကို ဖော်ဆောင်သွားရန် ဤဝန်ကြီးဌာနက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ