၁။ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ယုံကြည်ချက် ခိုင်မာစွာဖြင့် မိမိ၏ ကိုယ်ကျိုးကိုစွန့်ကာ CDM တွင် ပါဝင်ခဲ့ကြသော ဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်းတစ်ဦးတစ်ယောက်စီတိုင်းကို အမျိုးသားညီညွတ်ရေး အစိုးရက အလေးအနက် လေးစားဂုဏ်ပြုလျက် CDM ဝန်ထမ်းများ၏ လုံခြုံရေးနှင့် လူနေမှု အထောက်အပံ့ပေးရေးအတွက် ပထမဦးစားပေးအဖြစ် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။
၂။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့်လည်း မိမိတို့ဌာနမှ CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ဖိအားပေးခြင်း၊ စစ်ကောင်စီအလိုကျ အပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်နေသည့် Non-CDM အရာရှိကြီးများမှအစပြု၍ ထိုသို့ပါဝင်ဆောင်ရွက်သူတိုင်းကို ထိရောက်စွာ တန်ပြန်အရေးယူနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူလူထုထံ အစီရင်ခံတင်ပြအပ်ပါသည်။
၃။ ဝန်ထမ်းများ လူမှုဖူလုံရေးအတွက် ပြည်သူ့အစိုးရက စီစဉ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်ရန် မလိုကြောင်း ကြေညာထားပြီးဖြစ်သည့် ၂-လစာ ချေးငွေနှင့် တာဝန်ထမ်းကာလသတ်မှတ်ချက်များကို အသုံးချ၍ စစ်ကောင်စီက ဖိနှိပ်တောင်းခံလျက်ရှိသည့် လျော်ကြေးငွေများကိုလည်း ရာထူးမှထုတ်ပယ်/ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခံရသော ဝန်ထမ်းများအနေဖြင့် ပေးဆောင်ရန်မလိုအပ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။
၄။ တန်ဖိုးမဖြတ်နိုင်သော ဝန်ထမ်းဘဝကိုရင်း၍ အများပြည်သူတို့ လွတ်လပ်ငြိမ်းချမ်းသာယာရေး အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်လျက်ရှိသော CDM ဝန်ထမ်းများအား လေးစားတန်ဖိုးထားလျက် အဆိုပါ ဝန်ထမ်းများ၏ ဘဝလုံခြုံမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်မှုဖြင့် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
