စစ်ကောင်စီလက်အောက်ခံ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာနမှ online စနစ်ဖြင့် ခေါ်ယူကျင်းပသော အိတ်ဖွင့်တင်ဒါပွဲတွင် ပါဝင်ပတ်သက်ခြင်း မပြုသော ပြည်တွင်းလုပ်ငန်းရှင် သူရဲကောင်းများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်၏ ကျေးဇူးတင်ဂုဏ်ပြုလွှာ

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် မြန်မာ့သစ်လုပ်ငန်းသည် စစ်ကောင်စီထံ ဝင်ငွေစီးဆင်းစေရေးအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များထံ သစ်များ ဖြန့်ဖြူး ရောင်းချရန် ကြိုးပမ်းလျက် ရှိသည်ဟု ကြားသိရပါသည်။

စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှု မဖြစ်စေရန် မြန်မာ့သစ်လုပ်ငန်းက ခေါ်ယူကျင်းပသော အိတ်ဖွင့် တင်ဒါပွဲတွင် ပြည်တွင်းလုပ်ငန်းရှင်အချို့မှ ပူးပေါင်းပါဝင်ခြင်း မရှိကြောင်း ကြားသိရသည့်အတွက် လွန်စွာ ဝမ်းမြောက်မိပါသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော CDM ပြည်သူ့လုပ်ငန်းရှင်အချို့သည် မိမိတို့၏ စီးပွားရေးကို ပဓါနမထားဘဲ ပြည်သူ့အစိုးရနှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုသာ ရှေးရှုဆောင်ရွက်သောကြောင့် မိမိအနေဖြင့် ထိုကဲ့သို့ ဓမ္မဘက် ရဲရဲဝံ့ဝံ့ ရပ်တည်သည့် CDM ပြည်သူ့လုပ်ငန်းရှင်အချို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

တင်ဒါပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်တန့်ပြီး ပြည်သူနှင့်အတူ ရပ်တည်ပေးပါရန်၊ တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်းရှင်များသည်လည်း သစ်ဖိုးငွေ မပေးသွင်းခြင်းဖြင့် စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှု မရှိစေရေး CDM တွင် ပူးပေါင်းပါဝင်ပေးပါရန် အလေးအနက်တိုက်တွန်း သတိပေး အပ်ပါသည်။

ဒေါက်တာတူးခေါင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ