၁၇-၅-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ဦးဆောင်၍ (၆/၂၀၂၁)ကြိမ်မြောက် နည်းပညာအကြံပေးဌာန (Technical Advisory Taskforce) အစည်းအဝေးကျင်းပ

၁၇-၅-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ဦးဆောင်၍ (၆/၂၀၂၁)ကြိမ်မြောက် နည်းပညာအကြံပေးဌာန (Technical Advisory Taskforce) အစည်းအဝေးကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်သည် ၁၇-၅-၂၀၂၁ ရက်နေ့ ၁၇:၀၀ နာရီအချိန်တွင် ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာအကြံပေးဌာန လုပ်ငန်းအဖွဲ့ဝင်များနှင့် အစည်းအဝေး ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကွန်ယက်ချိတ်ဆက်ရေးနှင့် မဟာဗျုဟာရေးဆွဲရေးဌာန (Network and Strategic Team) နှင့် သယံဇာတစီမံခန့်ခွဲရေး ဖက်ဒရယ်ပြည်ထောင်စုမူဝါဒဆိုင်ရာ ဌာန (Resource Federalism Policy Taskforce) တို့တွင် အကြံပေးအရာရှိများ ခန့်အပ်ထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပျက်သုဉ်းနေသည့် လူ့အသိုင်းအဝိုင်းကို စနစ်တကျ ပုံမှန် ပြန်လည်ပတ်စေလိုသည့် ရည်ရွယ်ချက်ပါရှိသော လူထုလှုပ်ရှားမှု (Democracy Restoration Campaign) မျိုး ကျင်းပလိုကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ လုပ်ငန်းစဉ်၊ အခြေခံမူ (vision, mission, basic principle) တို့အား စဉ်းစားဆုံးဖြတ်ရာတွင် ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်မျိုးတွင် အထက်မှအောက်သို့အမိန့်ပေးသည့်စနစ် (top down system) မှ အောက်ခြေမှကမကထပြုဆောင်ရွက်သည့်ပုံစံ (bottom up approach) သို့ ပြောင်းလဲစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင်

(၁) ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ လုပ်ငန်းစဉ်၊ အခြေခံမူ (vision, mission, basic principle)တို့အား ပြန်လည် ပြင်ဆင်ရေးဆွဲရန်၊
(၂) ပြင်ဆင်ထားသည့် ဝန်ကြီးဌာနတံဆိပ်အား အမြန်ဆုံး အတည်ပြု ပြဌာန်းရန်၊
(၃) ဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေးလူထုလှုပ်ရှားမှု (Democracy Restoration Campaign) ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်