အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများနေ့ (၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ရက်)

အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများနေ့သည် အပူပိုင်းဒေသရှိ နိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရသော ထင်ရှားသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို မီးမောင်းထိုးဖော်ပြပြီး အပူပိုင်းဒေသရှိ မြောက်မြားလှစွာသော မတူကွဲပြားမှုများကို ဂုဏ်ပြုဖော်ပြရန် ကျင်းပခြင်းဖြစ်သည်။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ အပူပိုင်းဒေသများ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံအားလုံးတွင် အသိပညာများ မြှင့်တင်ရန်နှင့် အပူပိုင်းဒေသများသည် ကျွန်ုပ်တို့ဘဝတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို မီးမောင်းထိုးပြရန်ဖြစ်သည်။ ထို့အပြင် ထိုသို့ကျင်းပခြင်းသည် အပူပိုင်းဒေသ၏ တိုးတက်မှုများကို အကဲဖြတ်ရန်၊ အပူပိုင်းဒေသဆိုင်ရာ အကြောင်းအရာများကို မျှဝေရန်နှင့် ဒေသ၏ မတူကွဲပြားမှုများနှင့် အလားအလာများကို အသိအမှတ်ပြုရန် အခွင့်အလမ်း တစ်ခုလည်း ဖြစ်သည်။

အပူပိုင်းဒေသသည် ကမ္ဘာမြေ၏ ဒေသတစ်ခုဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ကရကဋ်ရာသီ၏ အပူပိုင်းဒေသနှင့် မကာရရာသီ၏ အပူပိုင်းဒေသကြားရှိ ဧရိယာကို သတ်မှတ်သည်။ မြေမျက်နှာသွင်ပြင်နှင့် အခြားအချက်များသည် ရာသီဥတုပြောင်းလဲမှုကို အထောက်အကူဖြစ်စေနိုင်သော်လည်း အပူပိုင်းဒေသများသည် ပုံမှန်အားဖြင့် ပူနွေးပြီး နေ့စဉ်အပူချိန်တွင် ရာသီအလိုက် ပြောင်းလဲမှု အနည်းငယ်သာ ကြုံတွေ့ရသည်။ အပူပိုင်းဒေသ၏ အရေးကြီးသော လက္ခဏာရပ်မှာ အီကွေတာနှင့် နီးသော အတွင်းပိုင်း စိုစွတ်သောဒေသများတွင် မိုးရွာသွန်းမှု ဖြစ်ပေါ်ပြီး အီကွေတာမှ အကွာအဝေး အပေါ်မူတည်ပြီး ရာသီအလိုက် မိုးရွာသွန်းမှု တိုးလာခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ဒီရေတော ဧရိယာ၏ ၉၅ ရာခိုင်နှုန်းကို အပူပိုင်းဒေသများတွင် တွေ့ရပြီး ဒီရေတောအပင်မျိုးစိတ်များ၏ ၉၉ ရာခိုင်နှုန်းကိုလည်း အပူပိုင်းဒေသများတွင် တွေ့ရှိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့၏ ဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ၏ ၂၅ ရာခိုင်နှုန်းကျော် (လူဦးရေ ၁.၆ ဘီလီယံနီးပါး) သည် အသက်ရှင် နေထိုင်ရန်အတွက် သစ်တောအရင်းအမြစ်များပေါ်တွင် မှီခိုနေရပြီး ၎င်းတို့ထဲမှ ၁.၂ ဘီလီယံသည် စားနပ်ရိက္ခာနှင့် ဝင်ငွေများ ရရှိရန် သစ်ပင်များကို မှီခိုနေကြသည်။ ထို့ပြင် အပူပိုင်းဒေသတွင် တွေ့ရှိရသော အပင်အများစုသည် ဆေးဝါးများထုတ်လုပ်ရာတွင်လည်း အသုံးပြုကြသည်။

ထို့ပြင် ကမ္ဘာ့ရေအရင်းအမြစ်၏ ထက်ဝက်ကျော် (၅၄) ရာခိုင်နှုန်းသည် အပူပိုင်းဒေသတွင်ရှိသော်လည်း အပူပိုင်းဒေသရှိ လူဦးရေများသည် ရေရှားပါးမှုဒဏ်ကို ခံစားနေရသည်။ အပူပိုင်းဒေသများတွင် ဇီဝမျိုးစုံမျိုးကွဲများစွာ ရှိသော်လည်း ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုသည် ကမ္ဘာ့အခြားနေရာများထက် အပူပိုင်းဒေသတွင် ပို၍များပြားကြောင်း တွေ့ရသည်။ ထို့အပြင် ၂၀၅၀ ပြည့်နှစ် ရောက်ပါက အပူပိုင်းဒေသများတွင် ကမ္ဘာ့လူဦးရေ အများဆုံး ရှိနိုင်ပြီး ၃ ပုံ ၂ပုံမှာ ကလေးများ ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။ ဆင်းရဲမွဲတေမှု မြင့်မားမှုနှင့်အတူ အပူပိုင်းဒေသရှိ လူများသည် ကမ္ဘာ့ကျန်ရှိသည့်နေရာဒေသများထက် အာဟာရချို့တဲ့မှုဒဏ်ကို ပိုမိုကြုံတွေ့လာနိုင်ရသည်။ ထို့ပြင် ကျေးလက်ဒေသများတွင် နေထိုင်သော လူဦးရေအချိုးအစားသည် ကမ္ဘာ့ကျန်ရှိသည့် နေရာဒေသများ ထက် အပူပိုင်းဒေသတွင် ပိုများကြောင်း တွေ့ရသည်။ သို့ရာတွင် အပူပိုင်းဒေသများသည် ရာသီဥတု ပြောင်းလဲမှု၊ သစ်တောများ ပြုန်းတီးမှု၊ သစ်ထုတ်လုပ်မှု၊ မြို့ပြချဲ့ထွင်မှုနှင့် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှု အစရှိသည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ နေရပါသည်။ အပူပိုင်းဒေသနိုင်ငံများသည် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သော်လည်း ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်မှု ရရှိနိုင်ရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အညွှန်းကိန်းများနှင့် အချက်အလက်များအရ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုသို့ စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသော အပူပိုင်းဒေသအကြောင်းကို သိရှိနိုင်ရန် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုသို့ သတ်မှတ်ရခြင်းမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ပထမဆုံး “အပူပိုင်းဒေသဆိုင်ရာ အစီရင်ခံစာ” ကို ဂုဏ်ပြုရန်အတွက် ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၂၉ ရက်နေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာသည် အပူပိုင်းဒေသဆိုင်ရာ သုတေသနအဖွဲ့အစည်း ၁၂ခု၏ ပူးပေါင်းဆောင်ရွက်မှုများ၏ ရလဒ်တစ်ခုအဖြစ် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဤအစီရင်ခံစာတွင် အပူပိုင်းဒေသများသည် အရေးကြီးသော ဒေသများဖြစ်ကြောင်းကို သိသာထင်ရှားသော ရှုထောင့်မှ ထောက်ပြနိုင်ခဲ့သည်။ ထို့ကြောင့် အစီရင်ခံစာ စတင် ထုတ်ဝေသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်ချက် A/RES/70/267 ကို ချမှတ်ပြီး နှစ်စဉ် ဇွန်လ ၂၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများ နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။

အပူပိုင်းဒေသများသည် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်သောကြောင့် အပူပိုင်းဒေသများ ထိန်းသိမ်းခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့ဖြစ်၍ အပူပိုင်းဒေသများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ အသိပညာများ မြှင့်တင်ပေးရန်၊ ကမ္ဘာ့အပူပိုင်းဒေသများကို ထိခိုက်စေသည့် ပြဿနာများ၏ ကျယ်ပြန့်သော သက်ရောက်မှုများနှင့် လိုအပ်ချက်များကို သိရှိရန်နှင့် အပူပိုင်းဒေသရှိ နိုင်ငံများသည် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်သောပန်းတိုင်များကို ရရှိနိုင်ရန် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို အလေးပေး ဖော်ပြရင်း ဇွန်လ ၂၉ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။

ကိုးကား
INTERNATIONAL DAY OF THE TROPICS – June 29, 2024 – National Today
International Day of the Tropics | United Nations
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ