ပုဂံရှေးဟောင်းယဉ်ကျေးမှု (ကမ္ဘာ့အမွေအနှစ်) ဒေသ၏ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များအား စောင်းငဲ့ကြည့်ရှုခြင်း

ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော် ဟူ၍ မြန်မာတို့အတွက် အမျိုးသား ရေး လက္ခဏာတစ်ရပ်အနေဖြင့် လည်း ကောင်း၊ များပြားလှသည့် ရှေးဟောင်း လက်ရာ စေတီပုထိုးများကြောင့် လည်း ကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲ ဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာ ကျော်သည့် နေရာတစ်ခုဖြစ်ပါသည်။

၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ယူနက်စကိုမှကျင်းပသည့် ၄၃ကြိမ်မြောက် အစည်းအဝေး၌ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့ အမွေ အနှစနေရာအဖြစ် သတ်မှတ်ခဲ့ပါသည်။

လွန်ခဲ့သောရက်များက ညောင်ဦး မြို့သည် ကမ္ဘာ့အပူဆုံးမြို့များထဲတွင် ပါဝင် ခဲ့ပါသည်။ ထိုကဲ့သို့သော အပူချိန် မြင့်မားမှု ကြောင့် ပုဂံအမွေအနှစ်ဒေသအတွင်း နေ ထိုင်သူများနှင့် ခရီးသွား လာရေးကဏ္ဍ အပေါ် သက်ရောက်မှုရှိနေမည်ဖြစ်သည်။ ပုဂံဒေသသည် ပူပြင်းခြောက်သွေ့သော ဒေသဖြစ်သော်လည်း ရှေးဟောင်းဘုရား ပုထိုးများအတွင်း ရေကြီးရေလျံမှုများ နှစ်စဉ် ကြုံတွေ့လာရခြင်းကြောင့် ရှေးဟောင်း အမွေအနှစ်များကို ပျက်စီးဆုံးရှုံး စေနိုင် သည့် ပြဿနာတစ်ရပ် ဖြစ်လာနေပါသည်။

၎င်းဖြစ်ရပ်များသည် ပုဂံအမွေအနှစ်ဒေသ နှင့် ရှေးဟောင်း အမွေအနှစ်များကိ ထိခိုက် စေသည့် မြင်သာသော သဘာဝပတ်ဝန်းကျင်ပြဿနာများဖြစ်ပါသည်။
ပုဂံအမွေအနှစ်ဒေသသည် ပြည် တွင်း၊ ပြည်ပ ခရီးသွားများ လည်ပတ်စရာ နေရာတစ်ခုဖြစ်သည့်အပြင် ကျေးရွာများ နှင့် မြို့များပါဝင် တည်ရှိနေသော ကမ္ဘာ့အမွေ အနှစ်ဒေသ တစ်ခုဖြစ်သည်။ ၎င်းကျေးလက်၊ မြို့ရွာများနှင့် ဟိုတယ်၊ စားသောက်ဆိုင် စသည့် ဒေသခံများမှ စွန့်ပစ်သည့်အမှိုက်များ ခရီးသွားပြည်သူများမှ စွန့်ပစ်သည့် အမှိုက် များသည်လည်း ပုဂံ အမွေအနှစ် ဒေသ၏ ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ပြဿနာ တစ်ရပ် ဖြစ်နေပါသည်။ ထိုပြဿနာကို ဖြေရှင်းရန်မှာ ကမ္ဘာ့အမွေအနှစ်၏ စံတန်ဖိုးများ (Outstanding Universal Value) ကို ထိခိုက်မှုမရှိသည့် စနစ်ကျသော အမှိုက် စီမံခန့်ခွဲမှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
 
မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ စတင်၍ နိုင်ငံရေးနှင့်စီးပွားရေ ပြောင်းလဲ လာမှုနှင့်အတူ လူဦးရေးတိုးပွားလာပြီး စွန့်ပစ်ပစ္စည်းများ များပြားလာခြင်းကြောင့် မြန်မာနိုင်ငံ၏ စွန့်ပစ္စည်းစီမံ ခန့်ခွဲမှုနှင့် ပတ်သတ်ပြီး စိန်ခေါ်မှုများစွာ ကြုံတွေ့နေ ရဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် စွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ်အား ပိုမိုကောင်းမွန်စေရန်အတွက် ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံလုံးဆိုင်ရာ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်အတွက် ရွေးကောက်ခံအစိုးရလက်ထက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ (၂၀၁၈-၂၀၃၀) ကိုလည်း ချမှတ်ဆောင်ရွက်ခဲ့ရှိသည်။ သို့သော် မြန်မာနိုင်ငံ၏ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာတွင် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အမှိုက် စီမံခန့်ခွဲမှုများကိုသာ ဦးတည်လေ့လာသုံးသပ်ထားသည်ကို တွေ့ရှိရပါသည်။
 
ကျေးလက်ဒေသများတွင်ရှိသော စွန့် ပစ်အမှိုက်များကို သဘာဝအလျောက် စီမံသွားလိမ့်မည်ဟူသော ယူဆချက်သည်လည်း မြန်မာနိုင်ငံရှိ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအဆင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေး မဟာဗျူဟာများတွင် ကျေးလက်ဒေသများကို ချန်လှပ်ခံထားရသည့် အကြောင်းအရင်းဖြစ်နေပါသည်။ ထို့အပြင် ကျေးလက်ဒေသတွင် အမှိုက်စီမံခန့်ခွဲမှုအတွက် လိုအပ်သော အခြေခံအဆောက်အဦးများ မရှိခြင်း၊ ဘဏ္ဍာငွေ အပါအဝင် အရင်းအမြစ်များ မရှိခြင်းနှင့် သတင်းအချက်အလက်များ မရှိခြင်းတို့လည်း ကြုံတွေ့ရလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများနှင့် မြို့ငယ်များသည် စွန့်ပစ်အမှိုက်စီမံခန့်ခွဲရန်အတွက် စိန်ခေါ်မှုများစွာရှိနေပြီး အမှိုက်များကို မီးရှို့ဖျက်စီးခြင်းနှင့် မြစ်များ၊ ချောင်းများ အတွင်းသို့ စွန့်ပစ်ခြင်းဖြင့် ဖြေရှင်းနေကြရဆဲဖြစ်သည်။
 
ကျေးလက်နေလူထုသည် အတိတ်ကာလက သဘာဝအခြေခံပစ္စည်းများကို သုံးစွဲလာခဲ့သည့်တိုင် ၎င်းတို့၏ စွန့်ပစ္စည်းများကို လောင်စာအဖြစ် မီးရှို့ခြင်းနှင့် မြစ်ချောင်းများကဲ့သို့သော ရေစီးကြောင်းများတွင် စွန့်ပစ်ခြင်းဖြင့် ရှေးနှစ်ပေါင်းများစွာ အသာကျနေပြီးဖြစ်သည်။ သို့သော် ပလတ်စတစ်များသည် စွန့်ပစ်ပစ္စည်းများတွင် လွှမ်းမိုးလာသည့်အခါ သဘာဝအလျောက် စွန့်ပစ်သည့် အမှိုက်စက်ဝန်းအတွက် အနှောင့်အယှက်များဖြစ်လာခဲ့သည်။
 
ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသသည်လည်း မြို့ပြငယ်နှစ်ခုနှင့် ကျေးလက်ဒေသ များစွာ ပါဝင်တည်ရှိနေသောကြောင့် အဆိုပါ စွန့်ပစ်အမှိုက်ပြဿနာများကို တွေ့ကြုံနေရပါသည်။ ပုဂံဒေသတွင် ခရီးသွားကဏ္ဍမှ စွန့်ပစ်သော အမှိုက်များနှင့် လူနေအိမ်ထောင်စုများမှ ထွက်ရှိသော အမှိုက်များကို ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စွန့်ပစ်လျက်ရှိပါသည်။ ညောင်ဦးမြို့နယ်စည်ပင်မှ လက်လှမ်း မမှီသော ရပ်ကွက်နှင့်ကျေးရွာများသည် ၎င်းတို့ကိုယ်ပိုင်နည်းလမ်းများဖြစ်သည့် မီးရှို့ဖျက်စီးခြင်း၊ ရေလမ်းကြောင်းများအတွင်း စွန့်ပစ်ခြင်းနှင့် သတ်မှတ်ထားသော စည်ပင်သာယာအမှိုက်ပုံများသို့ စွန့်ပစ်ခြင်းများ ပြုလုပ်ကြလျက်ရှိသည်။
 
အမှိုက်များကို မီးရှို့ဖျက်စီးခြင်းသည် ခြောက်သွေ့ဒေသဖြစ်သော ပုဂံအမွေ အနှစ်ဒေသ၏ လေထုညစ်ညမ်းမှုအား ပိုမိုဆိုးရွာစေပြီး ဒေသနေလူထု၏ ကျန်းမာရေးထိခိုက်မှုများ ဖြစ်စေနိုင်ပြီး ခရီးသွား ကဏ္ဍအား ထိခိုက်စေနိုင်ပါသည်။ ပုဂံအမွေအနှစ်ဇုန်အတွင်းရှိ ချောင်း၊ မြောင်း အများစုသည် ပုဂံခေတ်ကတည်းပင် တည်ရှိနေသော ရေလမ်းကြောင်းများဖြစ်ပြီး ပုဂံခေတ် ရေစီမံခန့်ခွဲမှုအတွက် အရေးပါသော ရေအရင်းအမြစ်ဆိုင်ရာ ထင်ရှားမှုများဖြစ်သည်။ မိုးရာသီကာလတွင် ထို ချောင်းမြောင်းများမှတဆင့် ယနေ့တိုင် တည်ရှိနေသော ပုဂံခေတ်ရေကန်များနှင့် ပုဂံအမွေအနှစ်ဒေသ၏ အဓိကရေအရင်းအမြစ်ဖြစ်သည့် ဧရာဝတီမြစ်ထဲသို့ ရေများ စီဆင်းနေဆဲ ဖြစ်သည်။
 
ထို့ကြောင့် ရေလမ်းကြောင်းများအတွင်းသို့ အမှိုက်စွန့်ပစ်ခြင်းသည် ရေလမ်းကြောင်းများ နှင့် ရေအရင်းမြစ်များအား ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသ၏ ဝိသေသ လက္ခဏာများ (Attribute) နှင့် ထူးခြား ထင်ရှားမှုများ (Significance) များအပေါ် သက်ရောက်စေနိုင်ပါသည်။ ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသတွင် စည်ပင်သာယာမှ သတ်မှတ်ထားသည့် အမှိုက်ပုံ နှစ်ခုရှိပြီး ၎င်းအမှိုက်ပုံများသည် ပုဂံမြို့သစ် နှင့် ညောင်ဦးမြို့နေလူထုများ အများဆုံး အသုံးပြုသော အမှိုက်ပုံများဖြစ်သည်။ ပုဂံမြို့သစ် အမှိုက်ပုံသည် အမွေအနှစ်ဇုန် အတွင်းရှိ စေတနာကြီးဘုရား နှင့် လောကနန္ဒာဘေးမဲ့တောအနီး ပုဂံ-ချောက်ကားလမ်း ဘေးတွင် တည်ရှိပါသည်။ ညောင်ဦးမြို့ အမှိုက်ပုံမှာလည်း ပုဂံအမွေအနှစ်ဇုန် အတွင်းတည်ရှိပြီး ညောင်ဦး-မြင်းခြံကား လမ်းပေါ်တွင် တည်ရှိပါသည်။ ၎င်းအမှိုက်ပုံများတွင် စုပုံလာသော အမှိုက်များကို မီးရှို့ဖျက်စီးခြင်း (open burning) ဖြင့်သာ ဖျက်စီးလျက်ရှိပါသည်။ ထိုအမှိုက်ပုံနှစ်ခုသည် လူနေရပ်ကွက် များနှင့် အနည်းငယ်သာ ကွာဝေးပြီး ခရီးသွားလာမှုများသည့် ကားလမ်းမများပေါ် တွင် တည်ရှိသောကြောင့် မီးရှို့ဖျက်စီးရာမှ ထွက်ရှိလာသော မီးခိုးငွေ့များနှင့် ညှော်နံ့ များသည် ဒေသခံလူထုနှင့် ခရီးသွားများ၏ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေနိုင် ပါသည်။ ထို့အပြင် အမှိုက်ပုံများသည် အကာအရံများမရှိခြင်းကြောင်း အမှိုက်များ လေလွင့်ပျံ့နှံ့မှုများ ဖြစ်ပေါ်ပြီး ပုဂံဒေသ၏ ပုံရိပ်အား ထိခိုက်စေနိုင်ပါသည်။
 
ရေရှည်တွင် အမှိုက်ပုံများမှ ထွက်ရှိသော စွန့်ပစ်အရည်များနှင့် မီးခိုးငွေ့များကြောင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာစေပြီး မြေပေါ်မြေအောက် ရှေးဟောင်း အဆောက်အအုံများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ပါသည်။ ၎င်းကဲ့သို့ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် ပုဂံအမွေအနှစ်ဒေသအတွင်းရှိ ကမ္ဘာ့အမွေအနှစ်ဒေသနှင့် ကိုက်ညီသည့် အမှိုက်စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်နေပါသည်။
 
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော အဆိုပါ ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် လူထုအကြား မြင်သာမှုမရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်သည်။ ထိုပြဿနာများအား ဖြေရှင်းဆောင်ရွက်ရန် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ တွင် အဓိကတာဝန်ရှိပြီး စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအဆောက်အအုံ များ ဖြည့်ဆည်းပေးရန်လည်း လိုအပ်လျက် ရှိပါသည်။ ထို့အပြင် စီမံခန့်ခွဲမှုများ အောင်မြင်ရေး အဓိကအချက်ဖြစ်သည့် ပြည်သူလူထု၏ပူးပေါင်း ဆောင်ရွက်မှုရှိမှသာလျှင် ပုဂံအမွေအနှစ်ဒေသ၏ စွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုမှာ ပိုမိုအားကောင်းလာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ