အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်)

“တောင်တန်းဒေသ ဂေဟစနစ်များကို ပြန်လည်တည်ထောင်ခြင်း”

တောင်တန်းဒေသများသည် ကမ္ဘာ့မြေမျက်နှာပြင်၏ ၂၇ ရာခိုင်နှုန်းခန့်ရှိပြီး လူသား များ အမြတ်တနိုးတန်ဖိုးထားသင့်သည့် သဘာဝအဖိုးတန်ရတနာများ ဖြစ်သည်။ တောင်တန်း ဒေသများသည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ၏ တစ်ဝက် ခန့်တို့ မှီခိုရာဒေသ၊ မတူကွဲပြားသော ဘာသာစကားများနှင့် ယဉ်ကျေးမှု မိရိုးဖလာဓလေ့ ထုံးထမ်းများ စုံလင်စွာရှိသည့် ဒေသခံပြည်သူများ နေထိုင်ရာဒေသဖြစ်သည်။ တောင်တန်း ဂေဟစနစ်များသည် လူဦးရေတစ်ဝက်ခန့်၏ နေ့စဉ်ဘဝရှင်သန် နေထိုင်နိုင်ရန်နှင့် စိုက်ပျိုး ရေးကဏ္ဍရေရှည်တည်တံ့ရန်တို့အတွက် ရေချိုသယံဇာတ ထောက်ပံ့ပေးသည့်အပြင် စွမ်းအင် နှင့် ဆေးဝါးများကိုပါ ထောက်ပံ့ပေးသည်။ ထို့ပြင် ကမ္ဘာ့ပေါ်ရှိအစားအစာများ၏ ၈၀ ရာခိုင် နှုန်းကို ထောက်ပံ့ပေးသော အပင်မျိုးစိတ်ပေါင်း ၂၀ ခန့်အနက် ၆ မျိုးဖြစ်သည့် ပြောင်း၊ အာလူး၊ ဘာလီ၊ နှံစား ပြောင်း၊ ခရမ်းချဉ်နှင့် ပန်းသီးတို့ ပေါက်ရောက်ရာ မူလရင်းမြစ်ဒေသ မှာလည်း တောင်တန်းဒေသများပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ရှုထောင့်မှ ကြည့်ပါက ရာသီဥတုထိန်းညှိပေးခြင်းနှင့် ရေသယံဇာတ ထောက်ပံ့ပေးခြင်းမှသည် မြေဆီလွှာထိန်းသိမ်း ခြင်းတို့အထိ ဝန်ဆောင်မှုများစွာ ထောက်ပံ့ပေးသည်။ ထို့ကြောင့်ပင် တောင်တန်းဒေသများ သည် သက်ရှိများအားလုံးအတွက် အရေးပါသည့်ဒေသများ ဖြစ်သည်။

သို့သော် လူသားများနှင့် ကမ္ဘာလောကကြီးကို အန္တရာယ်ဖြစ်ပေါ်စေသည့် ရာသီဥတု ပြောင်းလဲမှုများသည် တောင်တန်းဒေသများကို ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာ့ရာသီဥတု သည် စဉ်ဆက်မပြတ် ပူးနွေးလာသည်နှင့်အမျှ ရေခဲတောင်များ အရည်ပျော်လာပြီး ဆားငံရေ ဝင်ရောက်မှုကြောင့် ရေချိုရရှိမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ အပူချိန် လျင်မြန်စွာ မြင့်တက်လာမှုသည် တောင်တန်းဒေသရှိ မျိုးစိတ်များနှင့် ယင်းဂေဟစနစ်အပေါ် မှီခိုနေသည့် လူသားများကို ရွှေ့ပြောင်းနေထိုင်ရန် တွန်းအားပေးလျက်ရှိသည်။ တောင်တန်း ဒေသမျိုးရင်းမျိုးစိတ်များ၏ ၈၄ ရာခိုင်နှုန်းခန့်သည် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရပြီး အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ လျော့နည်းလာခြင်းနှင့် မျိုးသုဉ်းလာခြင်းတို့ ကြုံတွေ့ ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းတို့သည်လည်း တောင်တန်းဒေသများ၏ ဂေဟ စနစ်ကို ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဖြစ်သည့် ဧဝရတ်တောင်ထိပ်တွင် တောင် မြင့်လာသည်နှင့်အမျှ ပလတ်စတစ်အမှိုက်များ ပေါများလာသည်ကို တွေ့ရှိရသည်။ ထို့ပြင် လူနေအိမ်ခြေများ အခြေချနေထိုင်ခြင်း၊ ရေရှည်မတည်တံ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ – ဥပမာ အဆောက်အဦများ ဆောက်လုပ်ခြင်းတို့သည် မြေဆီလွှာတိုက်စားခြင်းကို ဖြစ်ပေါ်စေ ပြီး တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားဒေသများကို လျော့နည်းဆုံးရှုံးစေသည်။ ယင်းကဲ့သို့ မြေဆီလွှာတိုက်စားခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းတို့သည် မြေပြန့်ဒေသသို့ စီးဆင်း သည့် ရေ၏ သန့်ရှင်းမှုအပေါ် ဆိုးကျိုးသက်ရောက်စေပြီး မြေဆီလွှာဖြစ်ထွန်းမှုကို ထိခိုက်စေ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ တောင်ပေါ်ဒေသနေ ဒေသခံပြည်သူ ၃၁၁ သန်းကျော် ခန့်သည် မြေဆီလွှာပျက်စီးယိုယွင်းလျက်ရှိသည့် ဒေသများတွင် နေထိုင်ကြပြီး ၁၇၈ သန်း ခန့်သည် အစားအစာ မလုံလောက်မှု အခြေအနေနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် ယင်းပြဿနာ များသည် သက်ရှိများအားလုံးအပေါ် သက်ရောက်မှုရှိပြီး ၎င်းတို့ကို ဖြေရှင်းနိုင်ရန် သဘာဝ သယံဇာတများကို ထိန်းသိမ်းရမည်ဖြစ်ပြီး ကာဗွန်ထုတ်လုပ်သည့် အရင်းအမြစ်များကို လျှော့ ချရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ ဖြစ်ပြီး ယင်းအထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်အဖြစ် “တောင်တန်းဒေသဂေဟစနစ်များကို ပြန်လည်တည်ထောင်ခြင်း” ဟု သတ်မှတ်ထားသည်။ ယင်းအထိမ်းအမှတ်နေ့သည်  တောင် တန်းဒေသဂေဟစနစ်များ၏ အကျိုးကျေးဇူးများ၊ ယင်းအပေါ် ခြိမ်းခြောက်မှုများအကြောင်း ကို သိမြင်နိုးကြားမှု မြှင့်တင်နိုင်ရေး မျှဝေနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။ ထို့ပြင် တောင်တန်းဒေသများတွင် နေ့စဉ်ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုများကို လျှော့ချရန်၊ ရာသီဥတုပြောင်းလဲမှုများကို လိုက်လျောညီထွေစွာ ရှိစေနိုင်ရန်၊ တောင်တန်းဒေသများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ယင်းတို့၏ ထိခိုက်လွယ်မှုတို့ကို လျှော့ချရန်တို့အတွက် သဘာဝအခြေခံသည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မီးမောင်းထိုးပြနိုင် သော အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း တောင်တန်း ဒေသများ များစွာရှိသည့်အလျောက် ယင်းဒေသများကို ရေရှည်တည်တံ့စေရေး ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ပါကြောင်းနှင့် ယင်းတို့၏ အကျိုးကျေးဇူးများကို သိမြင်လာ စေရန် ရည်ရွယ်၍ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ကို ဤဆောင်းပါးဖြင့်  ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ကိုးကား- https://www.un.org/en/observances/mountain-day

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ