ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၄) အစည်းအဝေး ပထမပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့်ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါကြောင်း၊
သယံဇာတဆိုတာ အကန့်အသတ်ဖြင့်သာ ဖြစ်တည်ထုတ်လုပ်ရရှိနိုင်တာ ဖြစ်ပြီး အများပြည်သူပိုင်ပစ္စည်းဖြစ်တာကြောင့် အတတ်နိုင်ဆုံး အများပြည်သူ အကျိုးအတွက် ခံစားခွင့်ရှိရန် ပွင့်လင်းမြင်သာစွာ စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊
သယံဇာတစီအုပ်ချုပ်မှု လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိအောင် မူဝါဒညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြဖို့ မြို့နယ်တွေကို သတိပေးကြပ်မတ်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊
မြေပြင်မှာ သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းတွေကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်စေဖို့ အထူး သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ခွဲများ၊ မြေပြင်ကွင်းဆင်းအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်ပေးဖို့၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တွေ အနေနဲ့လည်း သယံဇာတစီမံခန့်ခွဲရာမှာ ပိုမိုစနစ်ကျလာစေဖို့၊ TAB-NR အဖွဲ့ဝင် ဝန်ကြီးဌာန များကလည်း ယခင်ကထက်ပိုပြီး နီးနီးကပ်ကပ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ အထူး အလေးပေးမှာကြားလိုပါကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
