ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၄) အစည်းအဝေးကို ၂၀၂၄
ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် “အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊
သဘာဝသယံဇာတကဏ္ဍသည် စစ်အာဏာရှင်အဆက်ဆက် စီမံခန့်ခွဲမှုအလွဲများ၊ သယံဇာတ ထွက်ရှိရာ ဒေသခံပြည်သူများ၏ အကျိုးစီးပွားပျက်စီးစေမှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် အဂတိလိုက်စားမှုများ စသည့် အကြောင်းတရားများစွာကြောင့် မိမိတို့ တိုင်းပြည်၏ သယံဇာတများ လေလွင့် ဆုံးရှုံးခဲ့ရပြီး သယံဇာတကဏ္ဍတွင်လည်း လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများ မျိုးစုံ ပေါ်ပေါက်ကာ သဘာဝသယံဇာတများသာမက သယံဇာတ ကဏ္ဍတခုလုံး အကျင့်ပျက်ချစား ပျက်စီးခဲ့ပြီး တိုင်းပြည်သယံဇာတများသည် တိုင်းပြည်အတွက် အကျိုးမရှိစေဘဲ လူတစ်စု၏ အကျိုးစီးပွားအတွက်သာ ဖြစ်စေခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊
လက်ရှိ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေး အောင်မြင်ရန်အတွက် သဘာဝသယံဇာတကဏ္ဍမှ စစ်ကောင်စီထံသို့ ဝင်ငွေစီးဆင်းမှုကို တားဆီးရန် အရေးကြီးသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိစိုးမိုးထိန်းချုပ်နယ်မြေများတွင်လည်း သယံဇာတကဏ္ဍကို ကောင်းမွန်စွာ စီမံပြီး တော်လှန်ရေးအတွက် အကျိုးရှိစေရန် အလွန်အရေးကြီးပါကြောင်း၊ သဘာဝသယံဇာတကဏ္ဍသည် အကျင့်ပျက်လာဘ်စားခြင်းများကို ဖြစ်ပေါ်စေတတ်ခြင်းကိုလဲ အထူးသတိပြုရမည်ဖြစ်ပြီး အစိုးရတစ်ရပ်အနေဖြင့် ကြားကာလနှင့်ကိုက်ညီပြီး ပွင့်လင်းမြင်သာမှုရှိသည့် မူဝါဒများကို ချမှတ်ကာ သေချာစွာလိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းမှာကြားကြရမှာဖြစ်ပါကြောင်း၊
ယခုလို ကြားကာလအချိန်မှာ သယံဇာတကို စီမံခန့်ခွဲရာမှာ အစိုးရက ချမှတ်ထားတဲ့ မူဘောင်ထဲကနေ ကြိုးစားဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း၊ တော်လှန်ရေး ဆင်နွှဲနေချိန် ဖြစ်တာကြောင့် သည်ကဏ္ဍကို စီမံခန့်ခွဲရာမှာ မလွယ်ကူမှန်းသိရှိပြီး မြေပြင်မှာလက်တွေ့ဆောင်ရွက်နေသူတွေအနေဖြင့် အထူးသတိထား ဆောင်ရွက်ဖို့ အရေးကြီးပါကြောင်း၊
နိဂုံးချုပ် အနေဖြင့် ရှုပ်ထွေးသောသယံဇာတကဏ္ဍ မြေပြင်အနေအထားတွေကို ဆန်းစစ်ရာတွင် ပါဝင်ပတ်သက်သူများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာအခြေခံမူများကို ဦးစားပေး ဆောင်ရွက်ကာ နိုင်ငံအတွင်း အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆီသို့ ဦးတည်သွားမည့် လမ်းကြောင်းကို ဖော်ဆောင်ပေးကြဖို့ မိမိတို့အားလုံးမှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
