ကြေညာချက် (၄/၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက် (၃/၂၀၂၃)
၁၃၈၅ ခု၊ နတ်တော်လဆန်း (၁၄) ရက်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်

(၁-၂-၂၀၂၁) ရက်နေ့မတိုင်မီ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများနှင့်ပတ်သက်သည့် ကြေညာချက်

၁။  ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းဆိုသည်မှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ပညာရှင် သို့မဟုတ် အဖွဲ့အစည်းကို ဆိုလိုသည်။

၂။   (၁-၂-၂၀၂၁) ရက်နေ့မတိုင်မီ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် တတိယ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာအကြံပေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနတွင် ကြားကာလ အကြံပေးမှတ်ပုံတင် သက်တမ်းတိုးခြင်းကို လက်ခံဆောင်ရွက်သွားရန် ဤကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

၃။   အမည်စာရင်းမှတ်ပုံတင်ရာတွင် (၁-၂-၂၀၂၁) ရက်နေ့မတိုင်မီ ကြားကာလအကြံပေး လက်မှတ် (Transitional Consultant Registration-TCR) ရရှိထားသော/ လျှောက်ထားပြီးသော တတိယပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ (Individual / Organization) အား စိစစ်၍ ရွေးချယ် လက်ခံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။                      

၄။   သက်တမ်းတိုးရန် ပျက်ကွက်သည့် အဖွဲ့အစည်းမှ အဖွဲ့ဝင်များအနေဖြင့် တစ်ဦးချင်း (Individual) မှတ်ပုံတင်လိုပါက ကြားကာလအကြံပေးလက်မှတ် (TCR) မရှိသော်လည်း လာရောက်လျှောက်ထားနိုင်သည်။

၅။   ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် မှတ်ပုံတင်ကြေးအား ကောက်ခံသွားမည် ဖြစ်ပြီး တတိယပုဂ္ဂိုလ်များအနေဖြင့် ၅၀၀,၀၀၀ ကျပ်နှင့် အဖွဲ့အစည်းများ အနေဖြင့် ၁,၅၀၀,၀၀၀ ကျပ် ပေးသွင်းရမည် ဖြစ်သည်။

၆။    TCR မှတ်ပုံတင်သက်တမ်းမှာ အမျိုးသားညီညွတ်ရေး အစိုးရမှတာဝန်ယူသည့် ကြားကာလ နှင့် သက်တမ်းတူညီသည်။

၇။  အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ TCR မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ခြင်းမရှိသော တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ နှင့် ၎င်းအဖွဲ့အစည်းမှ အဖွဲ့ဝင်များအား အမည်ပျက်စာရင်းသွင်းမည် ဖြစ်သည်။

၈။  အမည်ပျက်စာရင်းသွင်းထားသော တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများနှင့် ရေးဆွဲ ပြုစုထားသော ပတ်ဝန်းကျင်စီမံခန့််ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာများအားလုံးကို အသိမှတ်ပြုမည် မဟုတ်ပါ။

၉။  အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနတွင် TCR တရားဝင်မှတ်ပုံတင်ထားသော တတိယပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာလျှင် အသိအမှတ်ပြုပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်စေမည်။

၁၀။ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများဆောင်ရွက်မည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ကြားကာလ TCR မှတ်ပုံတင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Website ဖြစ်သည့် https://monrec.nugmyanmar.org/tcrregistry/ မှတဆင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ      မတ်လ (၃၁) ရက်အတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာလိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ