ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ( ၁ / ၂၀၂၃)
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်
ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကြားကာလအတွင်း အကောင်အထည်ဖော်ဆောင်သည့် ကနဦးပူးပေါင်းဆောင်ရွက်မှု ( Early Partnership) လုပ်ငန်းစဉ်နှင့် စပ်လျဉ်းသော ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းအတွက် မြန်မာ့ကျောက်မျက်ရတနာဥပဒေ (၂၀၁၉) ၏ အခန်း (၁၄)၊ ပုဒ်မ (၆၉) (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် လိုက်သည်-
အခန်း (၁)
ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခွင့်ရရှိသူ၏ အခွင့်အရေးများ
၁။ ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် တူးဖော်ထုတ်လုပ်ခွင့် ရရှိသူ (သို့မဟုတ်) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် တူးဖော်ထုတ်လုပ်ခွင့်အား တဆင့် ငှားရမ်းခြင်း (သို့မဟုတ်) တစ်နည်းနည်းဖြင့် လွှဲပြောင်းလုပ်ကိုင်လိုပါက ဝန်ကြီးဌာနသို့ သတ်မှတ်ပြဋ္ဌာန်းချက်များ နှင့်အညီ လျှောက်ထားနိုင်သည်။
၂။ တူးဖော်ထုတ်လုပ်မည့်လုပ်ကွက်သည် ပျက်စီးမှုများရှိနေသည့် လုပ်ကွက်ဟောင်းများ ဖြစ်ပါက လုပ်ငန်းမစတင်မီ သီးခြားပြင်ဆင်ကာလကို လျှောက်ထားရယူခွင့်ရှိသည်။
၃။ ခွင့်ပြုမိန့်သက်တမ်း (၃) နှစ် ကုန်ဆုံးသည့်အခါ၊ ထပ်မံ၍ စုစုပေါင်း (၁၀) နှစ်ပြည့်သည်အထိ တိုးမြှင့် လျှောက်ထားခွင့်ရှိသည်။
၄။ တူးဖော်ရရှိသည့် ကျောက်မျက်ရတနာအရိုင်းကို တွင်းဝခွန်ပေးဆောင်ပြီးပါက အောက်ပါ အခွင့်အရေးများကို ရရှိမည်ဖြစ်ပါသည် -
(က) ပြည်တွင်း၌ လွတ်လပ်စွာသယ်ယူခွင့်၊
( ခ ) ပြည်တွင်း၌ ကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့်ဖြစ်စေ လွတ်လပ်စွာ ရောင်းချခွင့်၊
၅။ သတ်မှတ်နည်းလမ်းနှင့်အညီ တင်ပြ၍ ပြင်ဆင်ထုတ်လုပ်လိုက်သည့် ကျောက်မျက် ရတနာ အချောထည်၊ လက်ဝတ်ရတနာနှင့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ အောက်ပါအခွင့်အရေးများကို ရရှိမည် ဖြစ်ပါသည်-
(က) ပြည်တွင်း၌ လွတ်လပ်စွာသယ်ယူခွင့်၊
( ခ ) ပြည်တွင်း၌ ကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့်ဖြစ်စေ လွတ်လပ်စွာ ရောင်းချခွင့်၊
( ဂ ) ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်၊
၆။ ခွင့်ပြုမိန့်ရရှိသူအနေဖြင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းအတွက် လိုအပ်သည့် လုပ်ငန်းဆိုင်ရာ ယာယီအဆောက်အအုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် တဲတန်းလျားများ ဆောက်လုပ်ရေး အတွက်လည်းကောင်း၊ ထုတ်လုပ်ပြီး ကျောက်ရိုင်းများ၊ ဖြုန်းများနှင့် ယာဉ်စက်ယန္တရားများ ထားရှိရေးအတွက်လည်းကောင်း၊ မြေစာဆေးကြောရေး၊ ကျောက်ထု ခွဲရေးနှင့် မြေစာပစ်ရေးတို့ အတွက်လည်းကောင်း တူးဖော်ထုတ်လုပ်ခွင့်ရရှိသော လုပ်ကွက် ပြင်ပရှိ လုပ်ငန်းသုံးနေရာတစ်ခုခုကို သတ်မှတ်ထားသောကာလအတွင်း အသုံးပြုနိုင်ရန် အလို့ငှာ တင်ပြလျှောက်ထားရယူခွင့်ရှိသည်။
၇။ တူးဖော်ထုတ်လုပ်ခွင့်ရရှိသူအနေဖြင့် ထုတ်လုပ်မှုနှင့်ဆိုင်သော စက်ပစ္စည်းကိရိယာ များနှင့် လိုအပ်သောကုန်ကြမ်းပစ္စည်းများကို အကောက်ခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်ဖြင့် တင်သွင်းရန်လျှောက်ထားနိုင်ခွင့်ရှိသည်။
၈။ တူးဖော်ထုတ်လုပ်ခွင့်၏ ၄၉ ရာခိုင်နှုန်းကိုရရှိထားသည့် ရင်းနှီးမြုပ်နှံသူ သို့မဟုတ် တူးဖော် ထုတ်လုပ်ခွင့်ရရှိသူအနေဖြင့် တူးဖော်မှုများနှင့်စပ်လျဉ်းသည့် ရှာဖွေမှုလုပ်ငန်းစဉ်များ၊ လိုအပ်သည့် ပစ္စည်းကိရိယာများ၊ လူအင်အား၊ စီမံခန့်ခွဲရေးနှင့် အခြားသောလုပ်ငန်း အကောင် အထည်ဖော်မှု လုပ်ငန်းစဉ်များအတွက် ၁၀၀ ရာခိုင်နှုန်း စိုက်ထုတ်ရင်းနှီး မြုပ်နှံရန် တာဝန်ရှိ ပါသည်။
၉။ ရင်းနှီးမြုပ်နှံမှုကာလတလျှောက်လုံး ထုတ်လုပ်မှု ကုန်ကျစရိတ်၊ စက်ယန္တရားဆိုင်ရာ တန်ဖိုးလျော့ကျမှု စသည်များနှင့် စပ်လျဉ်း၍ ထုတ်လုပ်ခွင့်ရရှိသူ၏ ထပ်မံ ရင်းနှီးမြုပ်နှံရမှု အပေါ် အကျိုးအမြတ်၏ ရာခိုင်နှုန်းတရပ် အရသော်လည်းကောင်း၊ အချိန်ကာလအလိုက် လည်းကောင်း ညှိနှိုင်းစဉ်းစားအတည်ပြုသွားမည်ဖြစ်သည်။
အခန်း (၂)
တူးဖော်ထုတ်လုပ်ခွင့်ရရှိသူ လိုက်နာရမည့် တာဝန်နှင့်ဝတ္တရားများ
၁၀။ မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ တွင်းဝခွန်အပါအဝင် သက်ဆိုင်ရာ ဖက်ဒရယ် သယံဇာတ ခွဲဝေခြင်းနှင့် စပ်လျဉ်းသော တည်ဆဲအခွန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထိုက်သင့်သည့် အခွန်များပေးဆောင်ရမည်။
၁၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေ ရန်နှင့် ဒေသခံပြည်သူလူထူ၏ လူမှုစီးပွားဘဝ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အလေးထား ဆောင်ရွက်ရမည်။ ထိခိုက်မှုများ ဖြစ်ပေါ်လာသည့် အခြေအနေများတွင် မူလအနေအထား ပြန်လည်ရရှိနိုင်ရေးအတွက် သင့်လျော်သည့် ကုစားမှုများကို ဆောင်ရွက်ပေးရမည်။
၁၂။ လုပ်ငန်းဆောင်ရွက်ရာဒေသ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံ မှု၏ ၂ ရာခိုင်နှုန်းထက် မနည်းသော ရန်ပုံငွေတရပ်အား လုပ်ငန်းစတင်သည်နှင့် တပြိုင်နက်တည်း သက်ဆိုင်ရာဖက်ဒရယ် ယူနစ်/ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍ ထူထောင်ထားရှိ ဆောင်ရွက်ရမည်။
၁၃။ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ပိတ်သိမ်းသည့်အခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ၊ စိမ်းလန်းစိုပြေရေး လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ပေးရမည်။ ယင်းသို့ဆောင်ရွက်ခြင်းကို ထုတ်လုပ်မှုကုန်ကျစရိတ် တစိတ်တပိုင်းအဖြစ် သတ်မှတ်နိုင်ရေး တင်ပြညှိနှိုင်းနိုင်သည်။
၁၄။ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်အပါအဝင် နိုင်ငံတကာအသိအမှတ်ပြု စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးကို ဆောင်ရွက်ရမည်။
၁၅။ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် တူးဖော်ထုတ်လုပ်ခွင့် ရရှိသူ (သို့မဟုတ်) ကုမ္ပဏီသည် တည်ဆဲ မြန်မာ့ကျောက်မျက် ရတနာဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေပြဋ္ဌာန်းချက်များ၊ အလုပ်သမားများနှင့် စပ်လျဉ်းသည့် ပြည်တွင်း တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ အားလုံးကို လိုက်နာရမည်။
အခန်း (၃)
တော်လှန်ရေးကာလ ပြီးဆုံးချိန်၌ လုပ်ငန်းစတင်ဆောင်ရွက်ခြင်း
၁၆။ လုပ်ကွက်ကွင်းဆင်းတိုင်းတာရေးနှင့် လုပ်ကွက်အခြေအနေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ကွက် တာဝန်ခံအဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး၊ အဆိုပါ တာဝန်ခံအဖွဲ့တွင် ခွင့်ပြုမိန့်ရ လုပ်ငန်းရှင်၊ ဆက်စပ် လုပ်ကွက်များမှ လုပ်ငန်းရှင်များနှင့် ပြင်ပပညာရှင်များကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းရမည်။
၁၇။ လျာထားလုပ်ကွက်များအား ကွင်းဆင်းတိုင်းတာရာတွင် လိုအပ်ပါက မြေပြင်အခြေ အနေနှင့် ကိုက်ညီမှုရှိစေရန် တာဝန်ခံအဖွဲ့အတွင်းဆွေးနွေးညှိနှိုင်း၍ လုပ်ကွက်များ၏ နယ်နိမိတ် အကျယ် အဝန်းကို ပြင်ဆင်သတ်မှတ်နိုင်သည်။
၁၈။ လုပ်ကွက်တာဝန်ခံအဖွဲ့သည် လုပ်ငန်းများကို သတ်မှတ်အချိန်ကာလ (၄) လ အတွင်း ပြီးစီး အောင် ညှိနှိုင်းဆောင်ရွက်ရမည်။
၁၉။ လုပ်ကွက်တာဝန်ခံအဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ပြီး တွေ့ရှိချက်များကို ဝန်ကြီး ဌာနသို့ ပြန်လည်တင်ပြ၍ အတည်ပြုချက်ရယူရမည်။
၂၀။ ထို့နောက် တူးဖော်ထုတ်လုပ်ခွင့်ရရှိသူမှ နိုင်ငံတော်အား ပေးသွင်းရန်ကျန်ရှိသည့် ငွေပမာဏ ကို တလုံးတခဲတည်း အကြေပေးသွင်းရမည်။
၂၁။ ငွေအကြေပေးသွင်းပြီးပါက တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန နှင့် စာချုပ်ထပ်မံချုပ်ဆိုရမည် ဖြစ်ပါသည်။
၂၂။ ထိုသို့ စာချုပ်ချုပ်ဆိုပြီးနောက်တွင် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ကွင်းဆင်းတိုင်းတာပြီးနောက် ကျောက်မျက်ရတနာ လုပ်ကွက်တူးဖော်ထုတ် လုပ်ခွင့်နှင့် လုပ်ကွက် မြေပုံ ထုတ်ပေးရမည်။
၂၃။ ခွင့်ပြုမိန့်ရလုပ်ငန်းရှင်သည် လုပ်ကွက်တူးဖော်ထုတ်လုပ်ခွင့်နှင့် လုပ်ကွက်မြေပုံ လက်ဝယ် ရရှိချိန်မှစ၍ မိမိတူးဖော်လုပ်ကိုင်ခွင့်ရလုပ်ကွက်တွင် လုပ်ငန်းများစတင် ဆောင်ရွက်ခွင့်ရှိမည်။
အခန်း (၄)
အထွေထွေပြဌာန်းချက်များ
၂၄။ တူးဖော်ထုတ်လုပ်ခွင့်ရရှိသူသည် သက်ဆိုင်ရာ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့် ဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့် အညီ သတိပေးခံရခြင်း၊ ပြဌာန်းညွှန်ကြားချက်များနှင့်အညီ ပြန်လည် ပြင်ဆင်ရန် တူးဖော်ထုတ် လုပ်ခွင့်ကို ကာလတခု ရပ်ဆိုင်းခံရခြင်း (သို့မဟုတ်) ရုပ်သိမ်းခံရခြင်းစသည့် အရေးယူမှုများ ခံရနိုင်သည်။
