“အနှစ်ချုပ်”
မြန်မာနိုင်ငံသည် သတ္တုနှင့် ကျောက်မျက်သယံဇာတထွက်ရှိမှုတွင် အလားအလာအကောင်းဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် သယံဇာတကို စနစ်တကျ စီမံခန့်ခွဲနိုင် ခဲ့ပါက နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့မှာ မလွဲဧကန်ပင်ဖြစ်သည်။ ယခု မူကား ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်အာဏာရှင် အဆက်ဆက် အုပ်ချုပ်ခဲ့ပြီး သယံဇာတကဏ္ဍတွင် စီမံခန့်ခွဲမှုအလွဲများ၊ သယံဇာတထွက်ရှိရာ ဒေသခံပြည်သူ များ၏ အကျိုးစီးပွား ပျက်စီးစေမှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် အဂတိလိုက်စားမှုများ စသည့် အကြောင်းတရားများစွာကြောင့် နိုင်ငံ၏ သယံဇာတများ လေလွင့်ဆုံးရှုံးခဲ့ရပြီး သယံဇာတ ကဏ္ဍတွင်လည်း လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများ မျိုးစုံပေါ်ပေါက်ကာ သဘာဝသယံဇာတများသာမက သယံဇာတကဏ္ဍတစ်ခုလုံး အကျင့်ပျက်ချစားပျက်စီးခဲ့ပြီး တိုင်းပြည်သယံဇာတများသည် တိုင်းပြည်အတွက် အကျိုးမရှိစေဘဲ လူတစ်စု၏ အကျိုးစီးပွား အတွက်သာ ဖြစ်စေခဲ့ပါသည်။
ယခုစာတမ်းတွင် စစ်အုပ်ချုပ်ရေးကာလများအဆက်ဆက် သတ္တုနှင့် ကျောက်မျက်ကဏ္ဍ၏ ပျက်စီးမှုများ၊ သတ္တုနှင့် ကျောက်မျက်သယံဇာတများ လေလွင့်ဆုံးရှုံးမှုများ၏ အခြေခံ အကြောင်းအရာများကို လေ့လာဖော်ထုတ် ပြုစုရေးသားထားပြီး၊ ထိုကဲ့သို့ မပျက်စီးမဆုံးရှုံးစေ ရေးနှင့် ရေရှည်တည်တံ့စေသော သတ္တုတူးဖော်ခြင်း (Sustainable Mining) ဖြစ်စေရန် ဆောင် ရွက်ရမည့် အကြောင်းအရာများကိုလည်း ပညာရှင်များက ထည့်သွင်းရေးသာဖော်ပြထား ပါသည်။
အစိုးရများ၏ ချမှတ်သည့် မူဝါဒများ၊ ပညာရှင်များ၏ အခန်းကဏ္ဍ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ၏ တာဝန်ယူ၊ တာဝန်ခံမှုများနှင့် ပြည်သူများ၏ တာဝန်သိမှု၊ ပူးပေါင်း ဆောင် ရွက်မှုတို့သည် သယံဇာတထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးတွင် များစွာအရေးပါသည်။ ထို့ပြင် ဖက်ဒရယ်စနစ်သို့ ကူးပြောင်းခြင်းသည်ပင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သယံဇာတကဏ္ဍ အတွက် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း တင်ပြထားပါသည်။
