ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၂) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၂) အစည်းအဝေးအား (၉-၉-၂၀၂၂) ရက်နေ့ ၊ နံနက် (၁၁) နာရီတွင် Zoom Meeting ဖြင့် ကျင်းပခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့သည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ ဒုတိယဥက္ကဌဖြစ်သူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်မှ ကြားကာလ သယံဇာတစီမံအုပ်ချုပ်မှုအတွက် သယံဇာတစီမံအုပ်ချုပ်မှုနှင့် ပတ်သက်၍ အားသာချက်/ အားနည်းချက်များကို တင်ပြခဲ့ပါသည်။

ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ အတွင်းရေးမှူးမှ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့လုပ်ငန်းစဥ်များနှင့် စပ်လျဥ်း၍ ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့ပါသည်။

ဆက်လက်၍ အတွင်းရေးမှူးရုံးအဖွဲ့မှ ကြားကာလ သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း တိုးတက်မှု အခြေအနေများကို တင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ဥက္ကဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြပြီး ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။

အဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးအား နေ့လည် (၁၂း၄၅) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ