ပြည်သူမှ အပ်နှင်းသည့် အခွင့်အာဏာနှင့် ပြည်သူကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပါရီသဘောတူညီချက်၏ ရည်မှန်းချက်ဖြစ်သည့် ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီစင်တီဂရိတ်အောက် ထိန်းချုပ်နိုင်ရေးအတွက် “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်ရှင်း(UNFCCC)၏ အတွင်းရေးမှူးရုံးသို့ (၁၂-၇-၂၀၂၁) ရက်နေ့တွင် အစီရင်ခံစာအပြည့်အစုံနှင့် အစီရင်ခံစာအနှစ်ချုပ်တို့ကို နိုင်ငံတော် ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ အမှာစကားများနှင့်အတူ ပေးပို့ခဲ့ပါသည်။
အဆိုပါ NDC အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲမှုလျော့ချရေးလုပ်ငန်းများအနေဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့လျော့ချမည့် လုပ်ငန်းများကို စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှုကဏ္ဍများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေရှိစေရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
NDC အစီရင်ခံစာပါ ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချရေးလုပ်ငန်းများကို မိမိနိုင်ငံအစီအစဉ်ဖြင့် ဆောင်ရွက်ပါက ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၂၂၄ သန်း လျှော့ချသွားနိုင်မည် ဖြစ်သည်။ အကယ်၍ နိုင်ငံတကာမှ ရန်ပုံငွေနှင့် နည်းပညာအထောက်အပံ့ ရရှိပါက ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ တန်ချိန်ပေါင်း ၄၁၃ သန်း လျော့ချနိုင်မည် ဖြစ်ပါသည်။
ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီစင်တီဂရိတ်အောက် ကောင်းမွန်စွာ ထိန်းချုပ်မည့် ပါရီသဘောတူညီချက်၏ ရည်မှန်းချက် ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံက ဆောင်ရွက်မည့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ငန်းများသည် အကျိုးရှိထိရောက်စေမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက မြဲမြံစွာ ယုံကြည်ပါသည်။
မိမိတို့သည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရင်း ပြည်သူများအတွက် ချမ်းသာသုခ ဆောင်ကြဉ်းပေးနိုင်ရေးအတွက် သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သာမက၊ ရေရှည်တည်တံ့၍ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်စွမ်းရှိသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပါ ပြန်လည်တည်ဆောက်သွားမည် ဖြစ်ပါသည်။
အစီရင်ခံစာ အကျဥ်းချုပ်အား ရယူလိုပါက - အမျိုးသားအဆင့် ရာသီဥတူပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (အစီရင်ခံစာ အကျဉ်းချုပ်)
အစီရင်ခံစာအပြည့်အစုံအား ရယူလိုပါက - အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (အစီရင်ခံစာ အပြည့်အစုံ)
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


