မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည် စစ်အာဏာရူးများ၏ အာဏာမက်မောမှုကြောင့် အဖက်ဖက်မှ ဆုတ်ယုတ်ပျက်စီးမှုသို့ ဦးတည်လျက်ရှိနေပါသည်။ တိုင်းရင်းသားပြည်သူအားလုံးက စစ်အာဏာရှင် ကျဆုံးရေးအတွက် မိမိတို့ရရာနေရာမှတိုက်ပွဲဝင်နေချိန်တွင် တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို သစ်တောသယံဇာတများကို ကိုယ်ကျိုးစီးပွားအတွက် ခိုးယူထုတ်လုပ် ရောင်းချနေမှုများ တွေ့ရှိနေရပါသည်။ စစ်အာဏာစက်အောက်တွင် အမှုထမ်းနေကြသော သက်ဆိုင်ရာ သစ်တောဦးစီးဌာနသည်လည်း မိမိတာဝန်ဖြစ်သည့် သစ်တောသယံဇာတများထိန်းသိမ်းကာကွယ်ခြင်းဟူသော တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ခြင်းမရှိကြောင်းလည်း ပေါ်လွင်နေပါသည်။
ယခုကဲ့သို့ သစ်တောသယံဇာတများအား မသမာသူလောဘသားတချို့က အထိန်းအကွပ်မရှိ ဖျက်ဆီး နေချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အလောင်းတော်ကဿဖအမျိုးသားဥယျာဉ်အတွင်းမှ သစ်ခိုးထုတ်ယူနေမှုများအား ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pale People's Defence Force) က ကာကွယ်တားဆီးပေးခြင်း နှင့် တန့်ဆည်မြို့နယ်အတွင်းရှိ မဟာမြိုင်ကြိုးဝိုင်းအတွင်း သစ်ခိုးထုတ်နေသူများအား တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့(Taze People Comrades- TPC)က သတိပေးတားဆီးလျက်ရှိကြောင်း အဆိုပါအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
ပြည်သူအားလုံးစစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပေးနေရုံသာမက ပြည်သူ့သယံဇာတ များကိုပါ ကာကွယ်ထိန်းသိမ်းပေးလျက်ရှိပါသော ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Pale People's Defence Force) နှင့် တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့ (Taze People Comrades- TPC) တို့အား မိမိတို့ဝန်ကြီးဌာန MONREC-NUG မှ ပြည်သူများကိုယ်စား အလေးအနက်ထား အသိအမှတ်ပြု ကြိုဆိုပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
