နိုင်ငံအတွင်း ရှင်သန်ပေါက်ရောက်လျက်ရှိသော သစ်တောသစ်ပင်များ ရေရှည်တည်မြဲပြီး ဒေသခံပြည်သူလူထု၏ အခြေခံစားဝတ်နေရေးအတွက် ပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးနည်းလမ်းများဖြင့် စဉ်ဆက်မပြတ် ချိန်ညှိသုံးစွဲနိုင်ရေးသည် သဘာဝသယံဇာတများကို စောင့်ရှောက်ရန် တာဝန်ရှိသည့် ဝန်ထမ်းများ၏ အလေးထားရမည့် စီမံအုပ်ချုပ်မှုတစ်ရပ်ဖြစ်ပါသည်။
နိုင်ငံ၏ အခြေအနေအရ အမျိုးမျိုးသော ခြိမ်းခြောက်မှုများကြောင့် သစ်တောသစ်ပင်များ နေရာအနှံ့ ပျက်စီးလျော့ပါးလျက်ရှိရာ တရားမဝင်သစ်ခိုးထုတ်မှုသည်လည်း ကြီးမားသော ဖိအားတစ်ခု ဖြစ်နေပါသည်။ NLD အစိုးရလက်ထက်တွင် ဝိသမလောဘသားများ၏ တရားမဝင်သစ်ခိုးထုတ်ယူမှုများကို ဖမ်းဆီးအရေးယူခဲ့ရာ သစ်တန်ပေါင်း (၂) သိန်းခန့် ဖမ်းဆီးရမိထားပါသည်။ တစ်ဖက်တွင်လည်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။ ကမ္ဘ့ာသစ်တောသယံဇာတလေ့လာဆန်းစစ်ချက် ၂၀၂၀ (Forest Resource Assessment FRA 2020) အရ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုသည် ၄၂.၁၉% ရှိပြီး NLD အစိုးရလက်ထက်တွင် သစ်တောပြန်းတီးမှုနှုန်း အနည်းဆုံးအဖြစ် စံချိန်တင်ခဲ့ပါသည်။
ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ဖမ်းဆီးရမိသော တရားမဝင်သစ်များ၊ သစ်ပင်ပန်းမန်နှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို လေလံတင်ရောင်းချပြီး ပြည်သူ့ဘဏ္ဍာအဖြစ် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရပါသည်။ ယခုကဲ့သို့ နိုင်ငံတော်အာဏာအား အကြမ်းဖက် စစ်အုပ်စုက လုယူသိမ်းပိုက်ထားချိန်တွင် ဌာနအကြီးအကဲတစ်စုက ဖမ်းဆီးရမိထားသော တရားမဝင်သစ်နှင့် အခြားပစ္စည်းများကို လေလံတင်ရောင်းချပြီး စစ်ကောင်စီထံ ငွေသွင်းရန် စီစဉ်နေကြောင်း မိမိတို့ NUG အစိုးရထံ တာဝန်သိ ပြည်သူများက သတင်းပေးပို့လာပါသည်။
မိမိတို့ MONERC- NUG အနေဖြင့် ပြည်သူပိုင်ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ကာ အကြမ်းဖက် စစ်ကောင်စီအတွက် ရန်ပုံငွေရှာဖွေနေမှုများကို လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပါက လေလံတင်ရောင်းချမှုတွင် ပါဝင်သော ဝန်ထမ်းများအား ပြည်သူပိုင် ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုများဖြင့် အမည်ပျက်စာရင်း ရေးသွင်းသွားမည် ဖြစ်ကြောင်း သတိပေးပါသည်။
လက်ရှိအခြေအနေတွင် ဖမ်းဆီးရမိထားသော တရားမဝင်သစ်များအား လုံခြုံစိတ်ချရာနေရာတွင် ထိန်းသိမ်းထားရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးပါသည်။
ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ
(ကိုးကား-https://mm.boell.org/…/transformation-environmental-and…. https://eia-international.org/…/myanmars-tainted…/)
