၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ၀န်ထမ်းများသည် စစ်ကောင်စီ၏အုပ်ချုပ်မှုအားဆန့်ကျင်သည့်အနေဖြင့် ဖဲကြိုးနီ၊ CDM Campaign ပါဝင်ခြင်းနှင့် လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ခြင်းတို့ပြုလုပ်ခဲ့သည့်အတွက်မိမိအနေဖြင့် အထူးပင်ဝမ်းမြောက်မိပါသည်။
CDM Campaign တွင်ပါဝင်ကာ မိမိတို့တာဝန်ထမ်းဆောင်နေကြသော ဌာနများထဲမှ ယာယီရပ်ဆိုင်းခံရခြင်း၊ ရာထူးမှ တာဝန်မှထုတ်ပယ်ခံရခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရခြင်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် ပြည်သူ့အစိုးရ NUG မှ ၂၀၂၁ခုနှစ်၊ မတ်လ (၈)ရက်နေ့တွင် အမိန့်ကြေညာစာအမှတ် ၁/၂၀၂၁ဖြင့် ဂုဏ်ပြုချီးမြှင့်ထားသော ၂လစာချီးမြှင့်ငွေများအား အဓမ္မတောင်းခံနေရကြောင်းနှင့်ပညာသင်လျော်ကြေးများတောင်းခံနေရကြောင်း ကြားသိနေရပါသည်။
CDM ၀န်ထမ်းများသည် မိမိတို့၏ လူမှုရေး၊ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ပဓာနမထားဘဲပြည်သူ့အစိုးရနှင့်ပြည်သူတို့၏ အကျိုးစီးပွါးကိုသာ ဦးစားပေးဆောင်ရွက်နေသောကြောင့် မိမိအနေဖြင့်ထိုကဲ့သို့ ဓမ္မဘက်ရပ်တည်သည့် ဝန်ထမ်းများအား အထူးပင်လေးစားပါကြောင်းနှင့် ပြည်သူ့အစိုးရမှ ဝန်ထမ်းများအဖြစ် ဆက်လက်အသိအမှတ်ပြုမည့်အပြင် ပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။
ဒေါက်တာတူးခေါင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

