ကြေညာချက် (၃/၂၀၂၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ထုတ်ပြန်ကြေညာချက် (၃/၂၀၂၅)

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇) ရက်နေ့

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်

ဝမ်းနည်းကြောင်းသဝဏ်လွှာ

၁။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဗဟိုကော်မတီဝင်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးချစ်ထွန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဆုံးပါးကွယ်လွန်သွားကြောင်း  ကြားသိရသည့်အတွက် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူ အထူးပင်ဝမ်းနည်းကြေကွဲရပါသည်။

၂။ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးချစ်ထွန်းသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင်ဖယ်ရှားပြီး ဒီမိုကရေစီရေး၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အပြည့်အ၀ အာမခံချက် ပေးနိုင်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရင်း လမ်းခုလတ်တွင် ဆုံးပါးသွားရခြင်းသည် အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှား တော်လှန်ရေးအတွက်သော်လည်းကောင်း၊ ကရင်နီပြည်အတွက်သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံးအတွက်သော်လည်းကောင်း လွန်စွာ ကြီးမားသည့် နစ်နာဆုံးရှုံးမှုကြီး ဖြစ်ပါသည်။

၃။ သမိုင်းပေးတာဝန်ကို ကျရာနေရာမှ စွမ်းစွမ်းတမံ ထမ်းဆောင်ရင်း ဆုံးပါးသွားသည့် ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးချစ်ထွန်းနှင့်တကွ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး မျှော်မှန်းသည့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတည်းဟူသော လောကပါလတရားများ ပေါ်ထွန်းရေးအတွက် မပြီးဆုံးသေးသော တော်လှန်ရေးကို စဉ်ဆက်မပြတ် ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိမိတို့ ဝန်ကြီးဌာန၊ တော်လှန်ရေး ရဲဘော်ရဲဘက်များအနေဖြင့် အလေးအနက် ကတိပြုအပ်ပါသည်။ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးချစ်ထွန်း ကောင်းမွန်ရာဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဝမ်းနည်းကြောင်းသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ