ကမ္ဘာ့ရေအရင်းအမြစ်များနေ့ (World Water Day)

သန့်ရှင်းသည့် ရေကို အသုံးပြုခွင့်ရှိခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ သန့်ရှင်းစွာ စီမံထားသည့် သောက်သုံးရေများကို ၂.၁ ဘီလီယံသော လူများ မရရှိသည့်အပြင် လူပေါင်း ၁.၈ ဘီလီယံခန့် နေထိုင်သည့် နေအိမ်အဆောက်အဦများနှင့် အိမ်ခြေ ၃ အိမ်တွင် ၂ အိမ်ခန့်ကမ္ဘာပေါ်ရှိ အမျိုးသမီးပေါင်း တစ်ဘီလီယံကျော်ခန့် (အမျိုးသမီးအားလုံး၏ လေးပုံတစ်ပုံကျော်ခန့်-၂၇.၁ ရာခိုင်နှုန်း) တို့သည်လည်းမရရှိပါ။ ထိုသို့ ရေမရရှိသည့် နေရာများတွင် ရေစုဆောင်းသိုလှောင်ရန်အတွက် အမျိုးသမီးများတွင် အဓိက တာဝန်ရှိလာသည်။ နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ရေစုဆောင်းသယ်ယူရန်အတွက် တစ်ရက်လျှင် နာရီပေါင်း ၂၅၀ မီလီယံခန့် (အမျိုးသားများနှင့် ယောက်ျားလေးများထက် ၃ ဆခန့်) အသုံးပြုကြသည်။ နိုင်ငံပေါင်း ၁၄ ရာခိုင်နှုန်းခန့်တွင် ရေသယံဇာတဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် ရေစီမံခန့်ခွဲခြင်းတို့ အမျိုးသမီးများ တန်းတူပါဝင်စေနိုင်သည့် စနစ်များ မရှိသေးပါ။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေအရင်းအမြစ်များနေ့၏ ဆောင်ပုဒ်မှာ ‘Water and Gender- Where Water Flows, Equality Grows (စီးဆင်းသမျှရေ၊ ညီတူမျှဝေစံစားစေ)’ ဖြစ်သည်။ ယင်းဆောင်ပုဒ်သည် သန့်ရှင်းသည့် သောက်သုံးရေနှင့် ရေဆိုးဖယ်ရှားသည့် စနစ်များကို လူ့အခွင့်အရေးတစ်ရပ်အနေနှင့်သာမက ကျား/မ တန်းတူညီမျှစွာ ရရှိစေရန် အလေးပေးဖော်ပြခြင်း ဖြစ်သည်။ ထို့ပြင် အထိမ်းအမှတ်ပွဲကျင်းပခြင်းသည် ရေသယံဇာတဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အမျိုးသမီးများ၏ အသံများနှင့် ခေါင်းဆောင်မှုများ ရှိစေမည့် အမျိုးသမီးများ၏ အခွင့်အရေးကို အခြေခံသည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ခိုင်မာစွာ အမြစ်တွယ်နေသည့် ကျား/မဆိုင်ရာ အခန်းကဏ္ဍများ၊ မလုံလောက်သည့် အဆောက်အဦများ၊ ကိုယ်စားပြုမှု နည်းပါးမှုများ၊ ရန်ပုံငွေ အကန့်အသတ်များ၊ တင်းကြပ်သည့် လူမှုစံနှုန်းများနှင့် မညီမျှမှုများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးများသည် ရေသယံဇာတဆိုင်ရာ စိန်ခေါ်မှုများကို အချိုးမညီမျှစွာ ခံစားနေရသောကြောင့် ဖြစ်သည်။

ကမ္ဘာ့ရေသယံဇာတဆိုင်ရာ ကပ်သည် လူတိုင်းကို သက်ရောက်စေသော်လည်း ညီမျှမှု မရှိပါ။ သန့်ရှင်းသော သောက်သုံးရေနှင့် ရေဆိုးဖယ်ရှားသည့် စနစ်များ ရရှိခွင့် မရှိသည့်နေရာများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ မညီမျှမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ရေသယံဇာတဆိုင်ရာ ကပ်ကို ဖြေရှင်းရာတွင် အမျိုးသမီးများ၏ အသံနှင့် ခေါင်းဆောင်မှုတို့ကို အသိအမှတ်ပြုနိုင်မည့် နည်းလမ်းများကို အသုံးပြုရန် လိုအပ်သည်။

ကမ္ဘာ့ရေသယံဇာတများနေ့သည် ရေ၏ အရေးပါမှုကို မှတ်တမ်းတင်ဂုဏ်ပြုခြင်းဖြစ်ပြီး ကမ္ဘာ့ရေကပ်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လှုပ်ရှားမှုများ ပြုလုပ်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (၆) ဖြစ်သည့် ရေရရှိမှုနှင့် ရေဆိုးဖယ်ရှားခြင်းတို့ကို ၂၀၃၀ ပြည့်နှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကမ္ဘာ့အဆင့်၊ ဒေသကြီးအဆင့်နှင့် နိုင်ငံအဆင့်တို့တွင် ကဏ္ဍပေါင်းစုံမှ အရှိန်မြှင့်တင်ဆောင် ရွက်သွားရန်တို့အတွက် ဖြစ်သည်။ ထို့ကြောင့် ရေသယံဇာတများ၏ အရေးပါမှုကို လူသားအားလုံးက သိရှိပြီး အလေအလွင့်မရှိစေရေး စနစ်တကျ အသုံးပြုရမည့်အပြင် ထိုသို့အသုံးပြုရာ၌ ကျား/မတန်းတူ ညီမျှစွာ အသုံးပြုကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

ကိုးကား

https://www.un.org/en/observances/water-day

https://www.unesco.org/en/articles/world-water-day-2026-celebration-and-launch-un-world-water-development-report-2026

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ