အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests)

၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့သည် သစ်တောအမျိုးအစားအားလုံး၏ အရေးပါမှုကို အထိမ်းအမှတ်ပွဲများ ကျင်းပ၍ သိမြင်နိုးကြားမှု မြှင့်တင်ရန်နှင့် သစ်တောသစ်ပင် စိုက်ပျိုးသည့် ကမ်ပိန်းများကဲ့သို့ လှုပ်ရှားမှုများကို ဒေသန္တရအဆင့်၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့် ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြရန် နိုင်ငံများကို တိုက်တွန်းထားခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့၏ ဆောင်ပုဒ်မှာ “လူမှုစီးပွားသာယာဝပြောဖို့ သစ်တောများ ထိန်းသိမ်းစို့ (Forests and economies)” ဖြစ်သည်။ ထိုဆောင်ပုဒ်သည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောထွက်ပစ္စည်းများ ထုတ်ယူခြင်း၊ ပြန်လည်ဖြည့်တင်းနိုင်သည့် ကုန်ကြမ်းပစ္စည်းများနှင့် အစားအစာများ ကုန်သွယ်ခြင်းတို့မှတဆင့် အလုပ်အကိုင်နှင့် ဝင်ငွေများ ရရှိစေခြင်း၊ သစ်တောများသည် ရေဝေရေလဲဒေသများကို ထိန်းသိမ်းပေးသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့စေခြင်း၊ စိုက်ပျိုးထွက်ကုန်များကို ပိုမိုတိုးပွားလာစေခြင်း စသည့် သစ်တောများ၏ အရေးပါသည့် အခန်းကဏ္ဍများကို အလေးပေးဖော်ပြထားခြင်း ဖြစ်သည်။
သစ်တောများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးမှုများကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည် –
🌳 သစ်တောများသည် ရေ၊ မြေ၊ ရာသီဥတုဆိုင်ရာ အရေးပါသည့် ဂေဟစနစ်ဝန်ဆောင်မှုများမှသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ၊ စွမ်းအင်ပေးစွမ်းမှုများနှင့် ကုန်ကြမ်းများအထိ ထရီလီယံသော ကမ္ဘာ့စီးပွားရေးအခွင့်အလမ်းများနှင့် မီလီယံသော အလုပ်အကိုင်အခွင့်အလမ်းများကို ထောက်ပံ့ပေးသည်။
🌳 ထင်းနှင့်မီးသွေးများသည် ကမ္ဘာပေါ်ရှိ လူပေါင်း ၂ ဘီလီယံကျော်အတွက် ချက်ပြုတ်ရန်နှင့် အပူပေးရန် လိုအပ်သည့် စွမ်းအင်ကို ထောက်ပံ့ပေးပြီး မီလီယံပေါင်း ရာကျော်သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ထောက်ပံ့ပေးသည်။
🌳 သစ်တောများသည် ကာဗွန်သိုလှောင်ပေးခြင်း၊ အပူချိန်ကို သမမျှတစေခြင်း၊ သန့်ရှင်းသော ရေကို ထုတ်လွှတ်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသည့်အပြင် ရာသီဥတုနှင့် ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးသည့်အတွက် သဘာဝဘေးဒဏ် ခံစားရခြင်းမှ သက်ရောက်မှုများကို ကုစားရန် ကုန်ကျမည့် ကုန်ကျစရိတ်များကို လျော့နည်းသက်သာစေသည်။
🌳 ကုန်ပစ္စည်များ ထုတ်လုပ်ရာတွင် ကာဗွန်ထုတ်လွှတ်ခြင်းကို ဖြစ်ပေါ်စေသည့် စတီး၊ ကွန်ကရစ်နှင့် ပလတ်စတစ်တို့ကဲ့သို့ ထုတ်ကုန်များအစား သစ်နှင့် ဝါးများကို ပြန်လည်ဖြည့်တင်းနိုင်သည့် အစားထိုး ပစ္စည်းများအဖြစ် အသုံးပြုနိုင်သည်။
🌳 ကမ္ဘာပေါ်ရှိ လူပေါင်း ၅.၈ ဘီလီယံအထိသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် နေထိုင်ရန်အတွက် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများကို အသုံးပြုကြသည်။ အစားအစာများ၊ ဆေးဝါးများ၊ သစ်စေးများ၊ သစ်ပင်ပန်းပင်များနှင့် တိရစ္ဆာန်များ စားသည့် အစာများကဲ့သို့ သစ်မဟုတ် သည့် သစ်တောထွက်ပစ္စည်းများသည် တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၉.၄၁ ဘီလီယံခန့် ရှိပြီး ဆက်လက်တိုးပွားလာရန် အလားအလာ ရှိသည်။
🌳 သစ်တောများသည် အစားအစာများ၊ ဆေးဝါးများ၊ လောင်စာနှင့် ဝင်ငွေများကို ထောက်ပံ့ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူလူထု၏ စီးပွားရေးကျောရိုးအဖြစ် ဆောင်ရွက်သကဲ့သို့ ပတ်ဝန်းကျင် ရာသီဥတုကို အေးမြစေခြင်း၊ သန့်ရှင်းသောရေကို ထောက်ပံ့ပေးခြင်းနှင့် မြေဆီလွှာကောင်းမွန်စေခြင်းတို့ကဲ့သို့ အကျိုးကျေးဇူးများကို ထောက်ပံ့ပေးသည်။
သစ်တောများသည် ယင်းကဲ့သို့ ပတ်ဝန်းကျင်ရာသီဥတု သမမျှတကောင်းမွန်စေရန်အတွက် များစွာ အထောက်အကူပေးသည်သာမက ယနေ့ခေတ်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး မရှိမဖြစ်လိုအပ်သည့် သယံဇာတများဖြစ်သည့်အတွက် သစ်တောများကို ထိန်းသိမ်းရန် လိုအပ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ