“ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့” (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်)

နောက်ခံသမိုင်း

​၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ (၅)ရက်နေ့ကို ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့ (World Tsunami Awareness Day) အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများအား ဆူနာမီနှင့် ပတ် သက်သော အသိပညာများ မြှင့်တင်ရေးနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးတို့အတွက် တီထွင်ဆန်းသစ်သော နည်းလမ်းများကို မျှဝေရန် တောင်းဆိုခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့ ဦးတည်ချက်မှာ “နှစ်(၂၀) မြောက် အိန္ဒိယသမုဒ္ဒရာ ဆူနာမီအထိမ်းအမှတ်အဖြစ် ယင်းမှ လေ့လာသိရှိခဲ့မှုများကို ကလေးသူငယ်များနှင့် လူငယ်မျိုး ဆက်သစ်များထံ ပေးပို့ခြင်း” (commemorating the 20th Anniversary of the Indian Ocean Tsunami by passing its lessons to a new generation of children and youth) ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ _ International Day for Disaster Risk Reduction နှင့် အနာဂတ်၏ ထိပ်သီးညီလာခံ _The Summit of the Future တို့ကဲ့သို့ လူငယ်နှင့်အနာဂတ်မျိုးဆက်သစ်များကို အဓိက ဦးတည် ထားပါသည်။ ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ် (UNDRR) သည် အခြားကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကမ္ဘာ့ဆူနာမီ အသိပညာပေးရေးနေ့ အထိမ်း အမှတ် ကျင်းပဆောင်ရွက်မှုများကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

​ကမ္ဘာ့ဆူနာမီအသိပညာပေးရေးနေ့သည် ဂျပန်နိုင်ငံ၏ စိတ်ကူးဖန်တီးမှုဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ၎င်းတို့ မကြာခဏ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည့် ခါးသီးသောအတွေ့ အကြုံများမှ နောင်အနာဂတ်၌ ထိခိုက်မှုများကို လျှော့ချနိုင်ရန်အတွက် ဆူနာမီကြိုတင်သတိ ပေးမှု၊ အများပြည်သူဆိုင်ရာ လုပ်ဆောင်မှုနှင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ပိုမိုကောင်း မွန်အောင် ပြန်လည်တည်ထောင်မှု စသည့်နယ်ပယ်များတွင် အဓိကကျသည့် ကျွမ်းကျင်မှုများ ရရှိလာစေခဲ့ပါသည်။

​ဆူနာမီ (Tsunami) သည် ဆိပ်ကမ်းဟု အဓိပ္ပာယ်ရသော “tsu” နှင့် လှိုင်းဟု အဓိပ္ပာယ်ရသော “nami” ဆိုသည့် ဂျပန်ဘာသာ စကားလုံးနှစ်လုံးအား ပေါင်းစပ်ထားခြင်းဖြစ်ပြီး ပင်လယ် သမုဒ္ဒရာ အနီး (သို့မဟုတ်) အောက်၌ ဖြစ်ပေါ်သော မြေငလျင်များနှင့် ဆက်နွှယ်လေ့ရှိသည့် ရေအောက်အနှောင့်အယှက်များကြောင့် ပေါ်ပေါက်လာသည့် ဆင့်ကဲဆင့်ကဲ ဖြစ်သော ဧရာမလှိုင်းလုံးကြီးများဖြစ်ပါသည်။ မီးတောင်ပေါက်ကွဲခြင်း၊ အဏ္ဏဝါရေပြင်အောက် မြေပြိုမှု များ ဖြစ်ပေါ်ခြင်းနှင့် ကမ်းရိုးတန်းဒေသရှိ ကျောက်ဆောင်များ ပြိုကျခြင်းတို့သည်လည်း ပင်လယ်သမုဒ္ဒရာထဲသို့ ဂြိုလ်သိမ်ကြီး တစ်ခုကျရောက်သကဲ့သို့ ဆူနာမီလှိုင်းများကို ဖြစ်ပေါ် စေနိုင်ပါသည်။ ပင်လယ်ကြမ်းပြင်၏ ဒေါင်လိုက်ရွေ့လျားမှုမှ ရေထုအား အစုလိုက် အပြုံလိုက် ဖယ်ရှားတွန်းထုတ်မှုကြောင့် ဆူနာမီ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဆူနာမီလှိုင်းလုံးကြီးများ သည် မကြာခဏဆိုသလို ရေလှိုင်းတံပိုး နံရံကြီးများကဲ့သို့ရှိပြီး (၅) မိနစ်မှ (၆၀) မိနစ်တိုင်းတွင် ဆင့်ကဲရောက်ရှိလာသော လှိုင်းကြီးများကြောင့် ကမ်းရိုးတန်းဒေသများကို ထိခိုက်ပျက်စီးစေနိုင် ကာ နာရီပေါင်းများစွာကြာ အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ကမ်းရိုးတန်းသို့ ပထမဦးဆုံး ရောက်ရှိ လာသော လှိုင်းသည် အကြီးမားဆုံး မဟုတ်သော်လည်း ဒုတိယ၊ တတိယ၊ စတုတ္ထ သို့မဟုတ် နောက်ဆုံးလှိုင်းများသည် အကြီးဆုံး ထိခိုက်မှု ဖြစ်ပေါ်နိုင်ပါသည်။

ဆူနာမီ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ

​အောက်ဖော်ပြပါ အကြောင်းအချက်များကြောင့် ဆူနာမီလှိုင်းလုံးကြီးများဖြစ်ပေါ်လာနိုင်ပါ သည်-

၁) ငလျင်များ

ပြတ်ရွေ့များရွေ့လျားမှုကြောင့် ကျောက်ထုလွှာ နယ်နိမိတ်ချင်း ထိစပ်နေသည့် ပြတ်ရွေ့ဇုန် ဧရိယာ တလျောက်တွင် ငလျင်များ ဖြစ်ပေါ်လာနိုင်သည်။ သမုဒ္ဒရာကျောက်ထုလွှာတခုသည် ကုန်းတွင်းရှိ ကျောက်ထုလွှာ အောက်သို့ဖြစ်စေ၊ အခြားသက်နု သမုဒ္ဒရာကျောက်ထုလွှာ အောက်သို့ဖြစ်စေ လျှောကျ နစ်ဝင်ရာ၌ အဆိုပါ လျှောဝင်ရာဇုန်များတွင် ပြင်းထန်သော ငလျင်အများစု ဖြစ်ပေါ်လေ့ရှိပါသည်။ ငလျင်အားလုံးသည် ဆူနာမီ ဖြစ်ပေါ်စေနိုင်ခြင်းမရှိပဲ ​အောက်ဖော်ပြပါ အချက် (၄) ချက်နှင့် ညီညွတ် မှသာလျှင် ဆူနာမီ ဖြစ်ပေါ်စေနိုင်ပါသည်-

  • သမုဒ္ဒရာအောက်၌ ဖြစ်ပေါ်ရမည် (သို့မဟုတ်) မြေငလျင်ကြောင့် သမုဒ္ဒရာအတွင်းသို့ အရာဝတ္ထုများ ရွေ့လျားဝင်ရောက်မှုဖြစ်ရမည်၊
  • အနည်းဆုံး ပြင်းအားပမာဏ ၆.၅ ရစ်ချ်တာစကေး ရှိရမည်၊
  • ကမ္ဘာမြေမျက်နှာပြင်အောက် အနက် (၇၀) ကီလိုမီတာထက် နည်းသည့်နေရာတွင် ဖြစ်ပေါ် ရမည် ဖြစ်ပြီး ကမ္ဘာ့အပေါ်ယံမျက်နှာပြင်ကို ပေါက်ပြဲကွဲအက်စေရမည်၊
  • ပင်လယ်ကြမ်းပြင်ကို မီတာများစွာအထိ မြင့်တက်လာစေနိုင်မည့် ဒေါင်လိုက်ရွေ့လျားမှု ဖြစ် ပေါ်စေရမည်။

​၂) မြေပြိုမှုများ

ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ဖြစ်ပေါ်သော မြေပြိုမှုသည် ရေပမာဏ အမြောက် အမြားကို ပင်လယ်သမုဒ္ဒရာထဲသို့ တွန်းပို့ခြင်းဖြင့်လည်းကောင်း၊ ရေအောက်မြေပြိုမှုများ ကြောင့် လျော့ရဲလာသော အရာဝတ္ထုများ ပြင်းထန်စွာ လွင့်စင်လာသည့်အခါ ရေထုကို ၎င်း၏ အရှေ့ဖက်သို့ တွန်းထုတ်ခြင်းဖြင့် လည်းကောင်း ဆူနာမီလှိုင်းများကို ဖြစ်ပေါ်စေနိုင်သည်။

​၃) မီးတောင်ပေါက်ကွဲခြင်း

မီးတောင်ပေါက်ကွဲမှုများကြောင့် ဆူနာမီ ဖြစ်ပေါ်လေ့မရှိသော်လည်း ပြင်းထန်သည့် မီးတောင် ပေါက်ကွဲမှုများသည် ကြီးမားသည့်ရေထုထည်ကို ဖယ်ထုတ်ပစ်နိုင်ပြီး ယင်းအနီးတဝိုက်ဧရိယာ တွင် ဖျက်အားပြင်း ဆူနာမီလှိုင်းများကို ဖြစ်ပေါ်စေနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံရှိ ခရာကာတို – Krakatoa (Krakatau) မီးတောင်ပေါက်ကွဲပြိုကျခြင်းကြောင့် ၁၈၈၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီသည် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး ဆူနာမီများထဲမှ တစ်ခု အဖြစ် စံချိန်တင်ခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် လှိုင်းလုံးကြီးများသည် အမြင့်ပေ (၁၃၅) ပေထိ ရောက်ရှိခဲ့ပြီး စွန်ဒါ (Sunda) ရေလက်ကြား တစ်လျှောက်ရှိ ဂျာဗားနှင့် ဆူမားတြား ကျွန်းနှစ်ခုလုံးပေါ်မှ ကမ်းရိုးတန်းမြို့များ၊ ကျေးရွာများကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၃၆,၄၁၇ ယောက် သေဆုံးစေခဲ့ပါသည်။

၄) အခြားကမ္ဘာဂြိုလ်ဆိုင်ရာ တိုက်မိမှု

အခြားကမ္ဘာဂြိုလ်ဆိုင်ရာ တိုက်မိမှု (ဆိုလိုသည်မှာ ဂြိုဟ်သိမ်များ၊ ဥက္ကာခဲများ) ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆူနာမီသည် အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ သမိုင်းတွင် ဥက္ကာပျံ၊ ဂြိုလ်သိမ်တို့ကြောင့် ဖြစ်ပေါ်လာသော ဆူနာမီများကို မှတ်တမ်းတင်ထားခြင်း မရှိ သော်လည်း အဆိုပါဝတ္ထုများ သမုဒ္ဒရာကို ရိုက်ခတ်ပါက ကြီးမားသောဆူနာမီအဖြစ် ပြောင်းလဲ သွားမည်မှာ ယုံမှားဖွယ်ရာမရှိဟု သိပ္ပံ ပညာရှင်များက ယူဆထားကြပါသည်။

၂၀၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အိန္ဒိယသမုဒ္ဒရာ ဆူနာမီမှ ရရှိခဲ့သော သင်ခန်းစာများ

​ဆူနာမီလှိုင်းကြီးများရိုက်ခတ်ခံရမှုသည် ပေါ်ပေါက်ခဲသည့် ဘေးအန္တရာယ်တခု ဖြစ်သော်လည်း အသက် အိုးအိမ်ပေါင်းများစွာကို ပျက်စီးဆုံးရှုံးစေနိုင်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀) အတွင်း ပေါ်ပေါက်ခဲ့သော ဆူနာမီရေလှိုင်းဘေးအန္တရာယ် (၅၈) ကြိမ်ကြောင့် လူ့အသက် ပေါင်း(၂၆၀,၀၀၀) ကျော် သေဆုံးခဲ့ပြီး၊ တကြိမ် လျှင် ပျမ်းမျှ (၄,၆၀၀) ဦး အထိ ရှိခဲ့ကာ အခြား မည်သည့် သဘာဝဘေးအန္တရာယ်များထက်မဆို သေဆုံးမှုနှုန်း များပြားခဲ့ပါသည်။

​၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အိန္ဒိယသမုဒ္ဒရာအတွင်း လှုပ်ခတ်ခဲ့သော ငလျင်တစ်ခု ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီသည်် နိုင်ငံပေါင်း (၁၄) နိုင်ငံကို ထိခိုက်ခဲ့ပြီး လူပေါင်း (၂၃၀,၀၀၀) ခန့် အသက်ဆုံးရှုံးခဲ့ရပါသည်။ ဤဖြစ်ရပ်သည် ၂၁ ရာစု၏ ပထမဆုံးသော ကမ္ဘာ လုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သမိုင်းတွင် လူအသေ အပျောက် အများဆုံး ဘေးအန္တရာယ်တစ်ခုအဖြစ် ရှိနေခဲ့ပါသည်။

​ယင်းဆူနာမီဖြစ်ပွားပြီး သုံးပတ်အကြာတွင် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများသည် ဂျပန်နိုင်ငံ၊ ဟိုဂိုဒေသ(Hyogo)၊ ကိုဘေးမြို့တွင် စုဝေး၍ ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့်စပ်လျဉ်းသည့် ပထမဦးဆုံး ကမ္ဘာ့လုံးဆိုင်ရာသဘောတူညီချက်တစ်ခုဖြစ်သည့် ဟိုဂိုမူဘောင်-Hyogo Framework for Action (၂၀၀၅-၂၀၁၅) ကို ချမှတ်ခဲ့သည့်အပြင် မြေ ငလျင်နှင့် ပင်လယ်ရေမျက်နှာပြင် စောင့်ကြည့်လေ့လာရေးစခန်းများ၏ တွေ့ရှိချက်များကို နိုင်ငံအဆင့် ဆူနာမီ သတင်းအချက်အလက် စင်တာများဆီသို့ ဖြန့်ဝေသတိပေးနိုင်သည့် အိန္ဒိယ သမုဒ္ဒရာဆူနာမီ စောင့်ကြည့်သတိပေးရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးစနစ်ကိုလည်း ဖန်တီးနိုင်ခဲ့ကြပါသည်။

​ဆူနာမီ၏ သတိပေးလက္ခဏာများကို သိရှိမှတ်သားအလေးထားရန် လိုခြင်းနှင့် ကုန်းမြင့်နေရာ ရှာဖွေရန် အရေးကြီးခြင်း စသည့်သင်ခန်းစာများကို ဘေးအန္တရာယ်အတွင်းမှ အသက်ရှင် ကျန်ရစ်သူများက ၎င်းတို့၏ မှတ်ဉာဏ်အတွင်း ရေးထွင်းပြီးဖြစ်သလို၊ အရမ်းငယ်ရွယ်သည့် အချိန်၌ ကြုံတွေ့ခဲ့ရသော (သို့မဟုတ်) ယင်းအန္တရာယ် ဖြစ်ပွားပြီးနောက် မွေးဖွားလာသော မျိုးဆက်သစ်လူငယ်များသည်လည်း အနှစ် (၂၀) ကြာခဲ့ပြီးဖြစ်သော်ငြား အသက်ရှင် ကျန်ရစ်ခဲ့ သည့် လူကြီးများ၏ လေ့လာမှတ်သားမှုများကတဆင့် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါသည်။

​၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆူနာမီအသိပညာပေးရေးနေ့ အား အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေများနှင့် ဆုံးရှုံးမှုများကို လျှော့ချ ရန်ဟူသော ဆန်ဒိုင်းမူဘောင်_Sendai Framework(2015-2030) ပါ ရည်မှန်းချက်ကို ဖြည့် ဆည်းနိုင်ရန်နှင့် အိန္ဒိယသမုဒ္ဒရာဆူနာမီ၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာများကို လူငယ်များနှင့် မျိုးဆက်သစ်ကလေး သူငယ်များကို မျှဝေခြင်းအားဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

​၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြချက်အရ ကမ္ဘာတစ်ဝှမ်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သေးငယ်သော ကျွန်းများနှင့် မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသများတွင် နေထိုင်သော လူဦးရေ သန်းပေါင်း (၇၀၀) ကျော်သည် ဆူနာမီ အပါအဝင် ပြင်းထန်သော ပင်လယ်ရေမျက်နှာပြင် မြင့် တက်မှုအခြေအနေများကို ကြုံတွေ့ရလျက် ရှိနေပါသည်။ ကုလသမဂ္ဂ ဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးအစီအစဉ်ကလည်း ဆူနာမီဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ရှိသော နိုင်ငံများ၌ ဘေးလွတ်ရာသို့ အချိန်မီ ရွေ့ပြောင်းပေးနိုင်ရန်အတွက် လမ်းကြောင်းများ ဖော်ထုတ်ပြင်ဆင်ရန်၊ ကြိုတင်သတိပေးစနစ်သစ်များ အကောင်အထည်ဖော်ရန်နှင့် လူငယ် များနှင့် ကလေးသူငယ်များအတွက် အသိပညာမြှင့်တင်မှုများ ပြုလုပ်ရန် တိုက်တွန်းထား ပါသည်။

​ဆူနာမီကျရောက်နိုင်ခြေရှိသော ဒေသများတွင် မြို့ပြများ လျှင်မြန်စွာဖြစ်ထွန်းလာခြင်းနှင့် ခရီး သွားလုပ်ငန်းများဖွံ့ဖြိုးလာခြင်းသည် လူသားများကို အန္တရာယ်တွင်းသို့ ဆွဲသွင်းသည်ကဲ့သို့ဖြစ် စေပါသည်။ ယင်းအ‌ခြေအနေသည် အကယ်၍ သဘာဝဘေးအန္တရာယ်ကြောင့် လူသားများ သေဆုံးမှုအရေအတွက်ကို သိသိသာသာ လျှော့ချနိုင်ပါက ဟိုဂိုမူဘောင် (2005-2015) _ Hyogo Framework For Action ကို ဆက်ခံ၍ 2015 ခုနှစ်၊ မတ်လတွင် ချမှတ်ခဲ့သည့် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(2015-2030)_ Sendai Framework for Disaster Risk Reduction ၏ မူလရည်မှန်းချက် ဖြစ်သည့် ထိခိုက်နိုင်ဆုံးရှုံးနိုင် ခြေလျှော့ချရေးလုပ်ငန်းများသည် ကမ္ဘာကြီးအတွက် အဓိကအရေးတကြီး လုပ်ဆောင်ရမည့် အချက်တခုအဖြစ်သို့ ရောက်ရှိလာစေမည် ဖြစ်ပါသည်။

​ဆူနာမီသည် လူပေါင်းများစွာကို သေကြေပျက်စီးစေနိုင်စွမ်းရှိသော်လည်း ကြိုတင်သတိပေး ချက်များနှင့် စောစီးလျင်မြန်စွာလုပ်ဆောင်မှုများသည် လူသားများ၏အသက်အိုးအိမ်နှင့် ဘေး အန္တရာယ်ကြောင့် ထိခိုက်မှုများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများဖြစ်ပြီး ပိုမိုထိ ရောက်မှုရှိစေရန်အတွက် ဆူနာမီ ကြိုတင်သတိပေးစနစ်များသည် ဘေးအန္တရာယ်ကျရောက် နိုင်သော လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လွှမ်းခြုံနိုင်ရမည့်အပြင် ယင်းစနစ်များသည် အမျိုးမျိုးသောဘေးအန္တရာယ်များအတွက် အသုံးဝင်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများသည် လည်း လျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဖော်ပြရင်း နိုဝင်ဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆူနာမီအသိပညာပေးရေးနေ့ကို ဂုဏ်ပြု ရေးသားလိုက်ရပါသည်။

ကိုးကားချက်များ

https://tsunamiday.undrr.org/

https://www.un.org/en/observances/tsunami-awareness-day

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ