ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ  (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်-

  • ကြားကာလအတွင်း ပြည်သူများသည် အလုပ်အကိုင် ရှားပါးလာမှုကြောင့် သယံဇာတ အပေါ်မှီခိုအားထားရမှု ပိုမိုမြင့်တက်လာသည်ဖြစ်၍ ဒေသများနှင့် လိုက်လျောညီထွေ ဖြစ် စေမည့် ရှင်းလင်းလွယ်ကူသည့် မူဝါဒများချမှတ်နိုင်ရေး ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း၊
  • သယံဇာတစီမံခန့်ခွဲခြင်းသည် အင်မတန်အရေးကြီးသည့်လုပ်ငန်းဖြစ်သည့်အတွက် သတိကြီးစွာဖြင့် ဆောင်ရွက်ကြရန်လည်း အထူးလိုအပ်ကြောင်း၊ အစိုးရတစ်ရပ်အနေနဲ့ မိမိတို့ ချမှတ်ကျင့်သုံးဆောင်ရွက်နေတဲ့ မူဝါဒများရဲ့ ထိရောက်မှု၊ အားနည်းချက်တို့ကို အခါ အားလျော်စွာ လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကို သတ္တိရှိရှိ ပြုပြင် ပြောင်းလဲကြရမှာဖြစ်ကြောင်း၊
  • တော်လှန်ရေး အစိုးရတစ်ရပ်အဖြစ် လေးနှစ်နီးပါးကာလ ကြာတယ်လို့ထင်ရပေမယ့်လည်း အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရွေ့နဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့ အင်မတန် မြန်ဆန်နေတာဖြစ်ပြီး အရှေ့မှာ ကြုံတွေ့ခဲ့ကြရတဲ့ ဖြစ်စဉ်တွေနဲ့ စိန်ခေါ်မှုတွေအပေါ် သုံးသပ်ပြီး စီမံခန့်ခွဲမှု လွဲမှားမှုတွေ ရှိခဲ့ပါက မြန်မြန်ဆန်ဆန် ပြင်ဆင်ပြောင်းလဲကြဖို့ ဖြစ်ပါကြောင်း၊
  • ဒါမှသာ မိမိတို့ စိုးမိုးထိန်းချုပ်နယ်မြေဒေသတွေရဲ့ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွား တိုးတက်မှု မြန်ဆန်ပြီး သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြရမှာဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
  • နိဂုံးချုပ်အနေဖြင့် တော်လှန်ရေး အောင်မြင်ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းလာရေးသည် မိမိတို့ အားလုံးမှာတာဝန်ရှိတာကြောင့် တော်လှန်ရေး အစိုးရတစ်ရပ်ပီပီ မိမိတို့ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ လုပ်ဆောင်ကြရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို ခွန်အား ပေး တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။

သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ