ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်-
- အကြမ်းဖက်စစ်အုပ်စု အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီးတော့ ပြည်သူတရပ်လုံးအနေနဲ့ ဒုက္ခပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံတို့ဖြင့် ရင်ဆိုင်ကျော်လွှား ခံစားလာခဲ့ကြရသည်မှာ အချိန်ကာလအားဖြင့် (၄) နှစ်ပြည့်လုနီးပါး အချိန်ကာလကို ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊
- အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ စတင်ကာ ပြည်သူလူထုအားလုံးနှင့်အတူ စစ်ကောင်စီကို ခုခံတွန်းလှန်ရန် ကြားကာလအစိုးရတရပ် ဖွဲ့စည်းပြီး တာဝန်ယူခဲ့သည်မှာလည်း (၄) နှစ်ပြည့်တော့မည်ဖြစ်ပါကြောင်း၊
- ဆက်လက်ပြီး စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေ လူမဆန်မှုတွေကို တွန်းလှန်ရန် ပြည်သူတို့၏ ခုခံတွန်းလှန်စစ် စတင်ခဲ့တာသည်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၇) ရက်နေ့ဆိုရင် ၄ နှစ် ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊
- အစိုးရနဲ့ မိမိတို့ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပြီး စစ်ဏာရှင်စနစ်အောက်မှ လွတ်မြောက်ဖို့ ကြိုးစားကြရာမှာ အားလုံးသိကြတဲ့အတိုင်း သုညမှ စတင်ခဲ့ရတာ ဖြစ်ပါကြောင်း၊ တော်လှန်ရေးအစိုးရတရပ်အနေဖြင့် အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံ ကြားမှ နယ်မြေစိုးမိုးရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လူသား စာနာအရေးတွေကို အကြပ်အတည်းများကြားမှ ကြိုးစားဆောင်ရွက်လာခဲ့ကြတာ ပြန်လည်ကြည့်မယ်ဆိုရင် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တာတွေရှိသလို ကြိုးစားပြုပြင်ရမယ့် လိုအပ်ချက်များလည်း ရှိခဲ့ပါကြောင်း၊
- တော်လှန်ရေးအစိုးရတရပ်အနေဖြင့် အစိုးရယန္တရား လည်ပတ်နိုင်ဖို့ ဘဏ္ဍာရေး ဒေါက်တိုင်တွေအဖြစ် တာဝန်ယူခဲ့ကြတဲ့ ပြည်သူလူထုအပါအဝင် မူဝါဒဦးဆောင်တာဝန်ရှိ ဝန်ကြီးဌာနများ၊ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် ဒေသန္တရ အဖွဲ့ အစည်းများ၏ စုစည်းအား ကောင်းမှသာ သယံဇာတကိစ္စရပ်များ စနစ်ကျစေမှာ ဖြစ်ပါ ကြောင်း၊
- တော်လှန်ရေးကာလအတွင်း သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စပြီး ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းပြီး မြို့နယ်အလိုက် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များ ဖွဲ့စည်းကာ မြို့နယ်အတွင်း ဆောင်ရွက်နေကြတဲ့ သယံဇာတလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေး၊ အလေအလွင့် လျော့နည်းစေရေးတို့ကို ကြပ်မတ်ဆောင်ရွက်လာနိုင်ခဲ့တာလည်း ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊
- သယံဇာတကို စီမံကွပ်ကဲတဲ့ ဝန်ကြီးဌာနနှစ်ခုဖြစ်တဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့က သယံဇာတ တွေ စီမံခန့်ခွဲရာမှာ စည်းကမ်းတကျနဲ့ စနစ်ကျစေဖို့ ကြိုးပမ်းအားထုတ်ရမှာဖြစ်သလို ဒေသအလိုက် မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေများတွင် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များက ဘေးအန္တရာယ်ကင်းစွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားတဲ့ မူဝါဒများကို စည်း စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ် ချုပ်ရေး၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါလှသဖြင့် အဆိုပါအဖွဲ့အစည်းများကို တည့်မတ်ထိန်းကျောင်းရာမှာ အဓိကဖြစ်သည့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ကလည်း ကြိုးစားထိန်း ကျောင်းကြပ်မတ်ကြဖို့ လိုအပ်ပါကြောင်း၊
- တော်လှန်ရေးကာလ သယံဇာတကို စနစ်ကျအောင် စီမံခန့်ခွဲ့ရာမှာ အခက်အခဲများစွာ ရှိတာကြောင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန ၅ ခု ပါအောင် စဉ်းစားဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ သယံဇာတဟာ တိုင်းပြည်အတွင်း နေထိုင်ကြတဲ့ ပြည်သူအားလုံး အကျိုးခံစားခွင့် ရှိတာ ဖြစ်လို့ တစုတဖွဲ့တည်းက စီမံခန့်ခွဲတာမျိုး မဖြစ်စေရန်လည်း အထူးလိုအပ်ပါကြောင်း၊
- နိဂုံးချုပ်အနေနဲ့ပြောလိုတာကတော့ သယံဇာတကဏ္ဍမှာ အခွန်အခ ကောက်ခံမှုပုံစံတွေ စနစ်ကျပြီး ပွင့်လင်းမြင်သာမှုရှိဖို့ တွန်းအားပေး လုပ်ဆောင်ကြဖို့ အရေးကြီးကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ