၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပသည့် ၆၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မတ်လ ၃ ရက်နေ့ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါနေ့သည် တောရိုင်းတိရစ္ဆာန်များနှင့် အပင်များအား နိုင်ငံတကာကုန်သွယ်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည့် “မျိုးသုဥ်းရန် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (Convention on International Trade in Endangered Species of Wild Fauna and Flora – CITES)” ကို ၁၉၇၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့်နေ့ ဖြစ်သည်။
တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ၏ မျိုးစုံမျိုးကွဲများ၊ ၎င်းတို့၏ တန်ဖိုးများနှင့် အလှအပများကို အသိအမှတ်ပြု ဂုဏ်ပြုရန်၊ ယင်းတို့မှ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးမှုတို့ကို သိရှိစေရန်၊ လူသားများကြောင့် ယင်းမျိုးစိတ်များ လျော့နည်းလာပြီး တောရိုင်းတိရစ္ဆာန်နှင့် စပ်လျဉ်းသည့် ပြစ်မှုများကို တိုက်ဖျက်ရန်အတွက် ချက်ခြင်း အရေးယူဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်းကို သိမြင်နိုးကြားမှု မြှင့်တင်ပေးရန်တို့အတွက် ထိုနေ့ကို အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့၏ ဆောင်ပုဒ်မှာ “ကျန်းမာရေး၊ အမွေအနှစ်နှင့် အသက်မွေးမှုတည်တံ့ရေး ဆေးဘက်ဝင်ပင်နှင့် မွှေးနံ့သာပင်များ ထိန်းသိမ်းပေး (Medicinal and Aromatic Plants: Conserving Health, Heritage and Livelihoods)” ဖြစ်ပြီး လူသားများ၏ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် ဒေသတွင်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ရေရှည်တည်တံ့စေရေးအတွက် ဆေးဘက်ဝင်အပင်များနှင့် ရနံ့သင်းသော အပင်များ၏ အရေးကြီးသည့် အခန်းကဏ္ဍများကို မီးမောင်းထိုးပြလိုခြင်း ဖြစ်သည်။
ဆေးဘက်ဝင်အပင်များနှင့် ရနံ့သင်းသော အပင်များသည် လူသားများ၏ ကျန်းမာရေးနှင့် ဂေဟဗေဒ ဆိုင်ရာ ထိန်းညှိမှုများအတွက် အရေးပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှ ၉၅ ရာခိုင်နှုန်းခန့်သည် ကျန်းမာရေးအတွက် မိရိုးဖလာဆေးဝါးများအပေါ်တွင် မှီခိုနေကြပြီး လူသား ၅ ဦးတွင် တစ်ဦးခန့်သည် အစားအစာအဖြစ် စားသုံးရန်နှင့် ဝင်ငွေအခွင့်အလမ်းများ ရရှိစေရေးအတွက် တောရိုင်းအပင်များ၊ ရေညှိရေမှော်ပင်များနှင့် မှိုများအပေါ် မှီခိုနေရသည်။ ကမ္ဘာတစ်ဝှမ်းရှိ လူသားများသည် ဂျင်ဆင်းပင်၊ သစ်မွှေးပင်များကဲ့သို့ အပင်များကို ကျန်းမာရေးကုသရန်နှင့် ကာကွယ်ရန်တို့အတွက် ထုတ်ယူသုံးစွဲကြသည်သာမက ခေတ်မီဆေးဝါးများထုတ်လုပ်ခြင်း၊ အလှကုန်များ၊ အစားအစာနှင့် ဇိမ်ခံကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့တွင်လည်း အသုံးပြုကြသည်။ ထို့ပြင် ယင်းအပင်များသည် ဝတ်မှုံကူးသည့် ပျားပိတုန်းများနှင့် ငှက်များအတွက် အရေးပါသည့် အပင်များ ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများကို တိုးပွားလာစေခြင်း၊ မြေဆီလွှာများကို တိုက်စားမှုမရှိစေခြင်းအားဖြင့် ဂေဟစနစ်များကို များစွာ ပံ့ပိုးပေးသည်။
ထိုကဲ့သို့ ဆေးဘက်ဝင်အပင်များနှင့် ရနံ့သင်းသောအပင်များသည် လူသားများနှင့် ပတ်ဝန်းကျင် အတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးသော်လည်း ယင်းမျိုးစိတ်ပေါင်း ၅၀၀၀၀-၇၀၀၀၀ ခန့်အထိကို ကမ္ဘာတစ်ဝှမ်းတွင် ထုတ်ယူသုံးစွဲကြပြီး ၎င်းတို့၏ ၉ ရာခိုင်နှုန်းသည် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ အပင်ပေါက်ရောက်ရာဒေသများ ပျောက်ဆုံးလျော့နည်းလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းတို့ကြောင့် မျိုးသုဉ်းခြင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
ထို့ကြောင့် လူသားအားလုံးသည် မိမိတို့၏ နေ့စဉ်ဘဝအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် နေအိမ်များအတွက် တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် များစွာ မှီခိုနေရသည့်အတွက် မိမိတို့လူသားများအတွက် အရေးကြီးသည့် ဂေဟစနစ်များ၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို အနာဂတ်မျိုးဆက်သစ်များအတွက် ကျန်ရှိစေရန် အတူတကွ ထိန်းသိမ်းကာကွယ်ကြရန် လိုအပ်ပါသည်။ ထို့အတွက် ယင်းတို့ကို ထုတ်ယူသုံးစွဲခြင်းနှင့် ကုန်သွယ်ခြင်းတို့တွင် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ခြင်း၊ ဥပဒေမူဘောင်များ ထုတ်ပြန်၍ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သိမြင်နိုးကြားမှု မြှင့်တင်ခြင်းတို့သည် တန်ဖိုးရှိသည့် တောရိုင်းတိရစ္ဆာန် များနှင့် အပင်မျိုးစိတ်သယံဇာတများကို ၎င်းတို့၏ မူရင်းဒေသဖြစ်သည့် တောတောင်ရေမြေဒေသတို့တွင် အလေ့ကျရှင်သန်ပေါက်ရောက်နိုင်ရန်အတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
