သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်း‌စောဖူး ဦးဆောင်၍ ယာယီထိန်းသိမ်းစောင့်ရှောက်ထားသည့် ပန်ဒါနီလေး ၉ ကောင်ကို သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) သို့ လွှဲပြောင်းပေးအပ်ခြင်း

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးရမိခဲ့ပြီး အင်းတော်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ထံ အပ်နှံခဲ့ရာ ဝန်ကြီးဌာနမှ လိုအပ်သည့် လမ်းညွှန်မှုများ‌ပေးပြီး ယာယီထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါသည်။
ဆက်လက်၍ သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်မည့် နေရာသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ပန်ဒါနီနေရင်းဒေသမှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်း‌စောဖူး ဦးဆောင်၍ အဆိုပါ ယာယီထိန်းသိမ်းစောင့်ရှောက်ထားသည့် ပန်ဒါနီလေး ၉ ကောင်ကို ၎င်းတို့၏ မူရင်းဒေသနှင့် အနီးစပ်ဆုံး ဒေသများသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိထိန်းသိမ်းစေနိုင်ရေးအတွက် သင့်တော်သလို စီမံဆောင်ရွက်နိုင်ပါရန် သစ်တော နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) သို့ ၁၉-၉-၂၀၂၅ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါသည်။
လက်ရှိတွင် သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) အနေဖြင့် ၎င်းပန်ဒါနီ (၉) ကောင်အား ကောင်းမွန်စွာ လက်ခံထိန်းသိမ်းထားပြီး ရှားပါးမျိုးစိတ်များဖြစ်သည့်အလျောက် သင့်တော်စွာ စီမံထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။
(မှတ်ချက် – လွှဲပြောင်းဓာတ်ပုံမှတ်တမ်းရိုက်ယူရန် ကားပေါ်မှ မြေပေါ် သို့ ခေတ္တချချိန်၌ ပန်ဒါနီလေး တကောင်မှာ ရုတ်တရက် အပြောင်းအလဲ ကြုံလိုက်ရ၍ ရှော့ခ်ရသကဲ့သို့ ဖြစ်သွားပါသဖြင့် မူရင်းသယ်ဆောင်လာသည့် ကားပေါ်တွင် ပြန်တင်ထားလိုက်ရခြင်းကြောင့် ဓာတ်ပုံတွင် ပန်ဒါနီ (၈) ကောင်သာ ပါရှိနေခြင်း ဖြစ်ပါသည်။ အဆိုပါ ပန်ဒါနီလေးသည် ယခုလက်ရှိတွင် ပြန်လည်ကျန်းမာနေပြီ ဖြစ်ပါသည်။)


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ