မိမိတို့တော်လှန်ရေး ၂ နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထု၏ ထောက်ခံအားပေးမှုများကြောင့် တော်လှန်ရေးရေချိန် မြှင့်တင်လာနိုင်တာဖြစ်ပြီး နယ်မြေစိုးမိုးမှုအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူဗဟိုပြု သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်တာဖြစ်ကြောင်း၊
သယံဇာတစီမံအုပ်ချုပ်မှုမှ တော်လှန်ရေးအတွက် ဝင်ငွေအထောက်အကူရလာခြင်းသည် သယံဇာတလုပ်ငန်းများ ဆောင်ရွက်သူ ဓမ္မဘက်တော်သား တိုင်းပြည့်ရတနာလုပ်ငန်းရှင်များ၏ မိမိတို့တိုင်းပြည်အပေါ် စေတနာထားကာ တာဝန်သိစိတ်နှင့် ချစ်မြတ်နိုးစိတ်တို့ကို အထင်းသား မြင်တွေ့နိုင်ကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုဖြင့် သယံဇာတလုပ်ငန်း စီမံအုပ်ချုပ်သူ မြို့နယ်အဖွဲ့များနှင့် သယံဇာတလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ ပြည်သူတို့အကြား ဟန်ချက်ညီညီ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်လာနိုင်ကြလို့ ယခုကဲ့သို့ အောင်မြင်မှုတွေ ရရှိလာတာဖြစ်တဲ့အတွက် ပြည်သူအားလုံးရဲ့ တော်လှန်ရေးအောင်မြင်လိုစိတ် ဆန္ဒပြင်းပြမှုနှင့် အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုရုံသာမက ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊
မြေပြင်စီမံအုပ်ချုပ်သူများအနေနှင့်လည်း မိမိတို့ဒေသမှ ထွက်ရှိတဲ့ သယံဇာတမှ ရရှိလာတဲ့ ဝင်ငွေကို လက်ရှိတော်လှန်ရေးအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများကို ကာကွယ်တားဆီးနိုင်ရေး လိုအပ်တဲ့နေရာတွေမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိထိရောက်ရောက် စနစ်တကျ သုံးစွဲသွားကြဖို့ တိုက်တွန်းလိုကြောင်း၊
စိုးမိုးနယ်မြေများတိုးချဲ့လာနိုင်တာနဲ့အမျှ သယံဇာတစီမံအုပ်ချုပ်ရေးနည်းလမ်းများနှင့် နည်း ပညာပံ့ပိုးမှုများကို သက်ဆိုင်ရာနယ်မြေအလိုက် ကူညီပံ့ပိုးပေးကြဖို့ လိုအပ်ကြောင်း၊ ဒါမှသာ တိုးချဲ့စိုးမိုးနယ်မြေများအနေနှင့် သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ကာ လုပ်ငန်းမြန်ဆန်သွက်လက်လာမှာ ဖြစ်ကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူကို လိုက်နာဆောင်ရွက်ရ လွယ်ကူပြီး တော်လှန်ရေး ကာလနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေကို မြေပြင် အခြေအနေတွေပေါ်မူတည်ပြီး ညှိနှိုင်းတိုင်ပင်ချမှတ်ကြဖို့နှင့် တော်လှန်ရေးကာလနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖြည့်စွက်ကြဖို့ တိုက်တွန်းလိုကြောင်း၊
ပြည်ထောင်စုအဆင့် သယံဇာတစီအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးဌာနများအနေဖြင့် သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေမှာ မြေပြင်အဖွဲ့များနှင့် နီးနီးကပ်ကပ်ပေါင်းစပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းကာ တော်လှန်ရေး အောင်မြင်သည်အထိ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
